မြန်မာ့အရေးဆွေးနွေးမည်ဟု လေသံပစ်လာသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် နေပြည်တော် ခြေချသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို အဂတိမှု ၅ မှု ထပ်တိုးတရားစွဲမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးလိုက်သည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် ယနေ့ (ဇန်နဝါရီ ၇) တရားခွင်၌ စစ်ကောင်စီဘက်က အကြောင်းကြားလိုက်ခြင်းဖြစ်ကာ အသေးစိတ်မသိရသေးဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
စွပ်စွဲခံရသူတို့ဘက်မှ ရှေ့နေလိုက်ခွင့်ကို ဇန်နဝါရီ ၁၄ ရက်မှ ယူခွင့်ရမည်ဖြစ်၍ တပ်တိုးအမှုများမှာ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အတွက် သီးခြားဖြစ်သည်၊ တစ်ပေါင်းတည်းဖြစ်သည်ကို ဝေခွဲမရသေးကြောင်း တရားရုံးနှင့် နီးစပ်သူက ဆိုသည်။
ထို့အတူ အာဏာသိမ်းပြီးနောက် နိုင်ငံတကာခေါင်းဆောင်များထဲမှ ပထမဆုံးရောက်လာသည့် ဟွန်ဆန်နှင့် တွေ့ဆုံရန် အရိပ်အခြည်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ထံမှ ကြားသိရကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပေးမတွေ့ဟု စစ်ကောင်စီတာဝန်ရှိသူက လွန်ခဲ့သည့် သုံးရက်(ဇန်နဝါရီ ၄) က RFA သတင်းဌာနကို ပြောထားပြီးဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်တွေ့ဆုံသည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ်ကို ရာနှင့်ချီသော စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများက ပြစ်တင်ရှုတ်ချထားသည့်နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
ယနေ့ နံနက်ပိုင်း နေပြည်တော်လေဆိပ်သို့ ဟွန်ဆန် ရောက်လာချိန်တွင် စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးနေရသည့် ရွေးချယ်ခံအမတ်များဦးဆောင်ကာ ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူ့ဆန္ဒကို လေးစားရန် သတိပေးထားသည်။
ပြည်သူကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများနှင့်သာ တွေ့ဆုံသင့်သည်ဟု CRPH က တိုက်တွန်းသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် အာဏာသိမ်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးသည့် ဓာတ်ပုံမှတ်တမ်းများ တွေ့ရပြီဖြစ်သော်လည်း ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး အာဏာရှင်တစ်ဦးဖြစ်သူ ဟွန်ဆန်၏ ခရီးစဉ်အတွင်း မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမည်ကို မသိရသေးပေ။
စစ်တပ်က အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် စွဲဆိုသည့်အမှုပေါင်း ၁၆ မှုအထိ ရှိလာပြီဖြစ်သည်။ ထိုအထဲမှ နှစ်မှုကို ထောင်ဒဏ်သတ်မှတ်ပြီး ဖြစ်သည်။
တရားစွဲထားသည့် အမှုများထဲတွင် ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိဖြင့် စွပ်စွဲထားသော အမှု ၁၀ မှု ပါဝင်သည်။ ရွေးကောက်ပွဲမသမာမှုဖြင့် အမှုဖွင့်ထားသေးသည်ဟု စစ်ကောင်စီက ပြောထားသော်လည်း အသေးစိတ်မသိရသေးပေ။
NLD က ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ ထိုအပြုအမူများမှာ ၎င်းတို့ကျူးလွန်ထားသည့် နိုင်ငံတော်ပုန်ကန်မှုကြီးကို ဖုံးကွယ်ရန်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုထားသည်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Charles Santiago ကလည်း “အတုအယောင်တရားစီရင်မှု” ဟု ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဝေဖန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)