အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်ပါတယ်”

နေပြည်တော် – ကြာသပတေးနေ့က အမျိုးသားလွှတ်တော်တွင် ဒုသမ္မတလောင်းတစ်ဦးအဖြစ် အမည်တင်သွင်းခြင်းခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူသည် တပ်မတော်တွင် နှစ်ပေါင်း ၂ဝ ကျော်  တာဝန်ထမ်းဆောင်ပြီးနောက် အရပ်ဘက် ဌာနဆိုင်ရာ အရာရှိတစ်ဦးဖြစ်လာသည်။

မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သူ  ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ဇာတိ ဦးဟင်နရီဗန်ထီးယူသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်  အမှတ် (၃) မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူဖြစ်သည်။

ဒုသမ္မတလောင်းအဖြစ် အဆိုပြုခံရပြီးနောက် ခရစ်ယာန်ဘာသာဝင်၊  ၅၇ နှစ်အရွယ် ဦးဟင်နရီဗန်ထီးယူက သူတည်းခိုရာ နေပြည်တော်စည်ပင်ရိပ်သာတွင် Myanmar Now နှင့် အခြားသတင်းဌာနများမှ သတင်းထောက်များကို တွေ့ဆုံခဲ့သည်။ တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး – သမ္မတလောင်းအဖြစ် နာမည်တင်သွင်းခံရတော့ ပထမဆုံး ဘယ်လိုတုံ့ပြန်မိလဲ။

ဖြေ – လွန်ခဲ့တဲ့ လေး၊ ငါးရက်လောက်တည်းက ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော့်မှာ အဲဒီလောက်ထိ ရည်ရွယ်ထားတာတော့ မရှိပါဘူး။ ဒီလွှတ်တော်ကိုလာပြီး ကိုယ့်ဒေသအတွက် လိုအပ်ချက်တွေကို တင်ပြမယ်၊ သာမန်အနေအထားလောက်နဲ့ပဲ လာခဲ့တာပါ။ အခုလို မထင်မှတ်ဘဲ ကမ်းလှမ်းခံရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားခဲ့ပါတယ်။

မိသားစုကလည်း ကိုယ်စားလှယ် စဖြစ်တဲ့အချိန်ကစပြီး အများကြီး ဂုဏ်ယူပြီး အားပေးခဲ့တာပါ၊ ကျွန်တော်တို့ချင်းပြည်နယ်က တခြားပြည်နယ်ထက် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ နောက်ကျပါတယ်၊ ချင်းပြည်နယ်အတွက် ကိုယ်တတ်စွမ်းသလောက် လုပ်ကိုင်နေတဲ့အတွက် မိသားစုကလည်း အားပေးပါတယ်။

မေး – ဒုသမ္မတလောင်းတစ်ယောက်အနေနဲ့ ရုပ်ပြသက်သက်ထက်ပိုပြီး ဘယ်လောက် အလုပ်လုပ်နိုင်မယ်ထင်လဲ။

ဖြေ – အန်တီစုက တိုင်းရင်းသားအားလုံးကို အလေးထားပြီး လက်တွဲခေါ်ဆောင်တယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ တိုင်းရင်းသားဒေသတိုင်းမှာ ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်ပါတယ်။ ချင်းပြည်နယ်မှာ အဓိကလုပ်ဆောင်ရမှာက လမ်းပန်းဆက်သွယ်ရေးပါပဲ၊ လမ်းတွေကို အဓိကထားလုပ်ရမှာပါ။ တကယ်လို့များ ဒုတိယ သမ္မတအဆင့်မှာ တကယ် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ဒါဟာ ချင်းတိုင်းရင်းသားတွေထဲမှာ ဘယ်သူမှ တာဝန်မထမ်းဆောင်ဖူးသေးပါဘူး၊ ဒါဟာပထမဆုံးပါပဲ၊ အခုက အတည်တော့ မပြုသေးပါဘူး။

မေး – ကိုယ်က စစ်မှုထမ်းအတွေ့အကြုံရှိတော့ စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းရေးတွေမှာ ထူးထူးခြားခြားအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားလား။

ဖြေ –  NLD ပါတီက လက်ရှိတိုင်းပြည်အနေအထားထက် ပိုဖွံ့ဖြိုးအောင် အန်တီ ဦးဆောင်တဲ့ NLD ပါတီက စွမ်းဆောင်နိုင်လိမ့်မယ်ထင်လို့ ဒီပါတီကနေ ရွေးချယ်ခံခဲ့တာပါ။ နိုင်ငံတော်ကို ကမ္ဘာ့အဆင့်မီဖြစ်အောင် တည်ဆောက်တဲ့အခါမှာ တပ်မတော်ရော၊ NLD ပါတီရော အများပြည်သူရဲ့ တိုင်းပြည်လိုအပ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်စေချင်တဲ့ ဆန္ဒရှိပါတယ်။     ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button