စစ်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ထိခိုက်ဒဏ်ရာများဖြင့် နေပြည်တော်၊ ခုတင် (၁၀၀၀) ဆံ့ ဆေးရုံသို့ ရောက်နေသည်။
ဒုသမ္မတမှာ ထိုဆေးရုံ အရေးပေါ်ဌာန၊ သီးသန့်လူနာဆောင်သို့ ယနေ့ (ဇန်နဝါရီ ၃၁) နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိပြီး ဆေးကုသမှုခံယူနေရကြောင်း၊ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ဆေးရုံနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။
“ခေါင်းပေါက်သွားပြီး လည်ပင်းကို ထိထားတယ်လို့ သိရတယ်။ သူ့ကို ဆေးကုပေးနေတဲ့အဆောင်ကို ရဲတပ်ဖွဲ့ဝင်တွေအပြည့် အစောင့်ချထားတယ်။ ဆေးရုံထဲမှာလည်း ရဲကားတွေ အများကြီးပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အာဏာသိမ်း နှစ်နှစ်ပြည့်သည့် ယနေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ၁/၂၀၂၃ ကို စစ်ကောင်စီက ကျင်းပနေချိန်နှင့် တိုက်ဆိုင်နေသည်။ သို့သော် ဟန်နရီဗန်ထီးယူ ဒဏ်ရာရသည့် ဖြစ်စဉ်အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။
ဆေးရုံနှင့် နီးစပ်သည့် အသိုင်းအဝိုင်း၏ အဆိုအရ ဒုသမ္မတမှာ နေအိမ်တွင် ချော်လဲသည်ဟု ကြားသိရကြောင်း၊ ရဲလုံခြုံရေး အင်အား ၅၀ ခန့်ဖြင့် ဟန်နရီဗန်ထီးယူ ဆေးကုသမှုခံယူနေသည့် အရေးပေါ် သီးသန့်လူနာဆောင်ပတ်လည်တွင် လုံခြုံရေးချထားကြောင်း သိရသည်။
ကာလုံအစည်းအဝေးသတင်းကို စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် သတင်းထုတ်ပြန်စဉ် “ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေအနေအရ (ကာ/လုံ) အစည်းအဝေး မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့ပါတယ်” ဟု ကြေညာသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒုသမ္မတကို စစ်ကောင်စီက နေပြည်တော်တွင် ထိန်းသိမ်းထားသည်။ စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက် နေပြည်တော်အချုပ်ထောင် ရုံးချိန်းတစ်ခုတွင် ဒုသမ္မတက နိုင်ငံ့အကြီးအကဲနှစ်ဦး၏ သက်သေအဖြစ် တရားခွင်၌ လာရောက်ထွက်ဆိုထားဖူးသည်။
အသက် ၆၅ နှစ်အရွယ် ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဒုသမ္မတ (၂) အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်သည်။
သမ္မတကို ဖမ်း၍ ဥပဒေနှင့်မညီ အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်၏ စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ရာထူးများမှာ ၎င်းကိုးကားပြောဆိုနေသည့် ၂၀၀၈ အခြေခံဥပဒေအရ ဖေဖော်ဝါရီ ၁ ရက် (မနက်ဖြန်) တွင် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။
သို့သော် ယနေ့ ပြုလုပ်သည့် စစ်ဗိုလ်ချုပ်များသာ ပါသည့် ကာလုံအစည်းအဝေး၌ နိုင်ငံအခြေအနေမှာ သာမန်မဟုတ်သည့် အခြေအနေတွင် ရှိနေဆဲဟု ဆိုထားပြီး စစ်ကောင်စီက မည်သို့ ရှေ့ဆက်လုပ်ဆောင်မည်ကို ယတိပြတ်မပြောသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



