
နှစ်ပေါင်းနှစ်ဆယ်ကျော်သက်တမ်းရှိလာပြီဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကရင်ဒုံးယိမ်းအက ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အရာရှိကြီးတစ်ဦးထံမှ ဗုဒ္ဓဟူးနေ့တွင် သိရသည်။
မကြာသေးခင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေး တက်ရောက်သူများက တိုင်းရင်းသား ရိုးရာ အကများကို ထည့်သွင်းစေချင်သည်ဟု တင်ပြကြကြောင်း၊ အလှည့်ကျ ထည့်သွင်းမည့် အက အမျိုးအစားကို မဲနှိုက်ရွေးချယ်ရာ ကရင်နှင့် ရခိုင်အကများ ရွေးချယ်ခံရကြောင်း အနုပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သည့် ဦးလှခိုင်က ပြောသည်။
“ဒေသတွေကိုလည်း စာပို့ အကြောင်းကြားထားပါတယ်။ အကဲဖြတ်ဒိုင်တွေကိုလည်း တိုင်းရင်းသားအလိုက် သုံးယောက်စီ ရွေးထားတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။
ယခုနှစ်အတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို လာမည့်လ နေပြည်တော်တွင် ပြုလုပ်တော့မည် ဖြစ်သော်လည်း ကရင်တိုင်းရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့များထံ ဤသတင်း မရောက်ရှိသေးကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် ကရင်ဒုံးယိမ်း ပါဝင်သည်ဟူသော သတင်းကို မကြားမိသေးကြောင်း ကရင်ပြည်နယ် စာပေယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ မန်းစောအေးမြက ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး” ဟု မန်းစောအေးမြက ဆိုသည်။
ကရင်ပြည်နယ်၊ ဖားအံမြို့မှ ဒုံးယိမ်းဆရာ စအောင်ကျော်ငြိမ်းကလည်း “ဆို၊ က၊ ရေး၊ တီးနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်း ပြောတာ မကြားသေးပါဘူး” ဟု ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး မန်းထွန်းလင်းက“အခုချိန်ထိတော့ ကျနော်တို့ကို အကြောင်းကြားတာမရှိသေးဘူး။ လိုအပ်ရင်တော့ ကျနော်တို့ကို ခရိုင်က အကြောင်းကြားမယ် ထင်ပါတယ်” ဟု ဆိုသည်။
ကရင်ဒုံးယိမ်းပြိုင်ပွဲများအတွက် ဆက်သွယ်ရေးအခက်အခဲအပြင် အခြား အခက်အခဲတစ်ခုမှာ လူငယ်၊ လူလတ်ပိုင်းများ ရွှေ့ပြောင်း သွားလာပြီး အလုပ် လုပ်ကိုင်နေကြသဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ရာတွင် လူအများအပြား ပါဝင်သည့် ဒုံးယိမ်းအဖွဲ့ ဖွဲ့စည်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရခြင်းဖြစ်ကြောင်း ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားတချို့ထံမှ သိရသည်။
စည်းလုံးညီညွတ်စွာ အားမာန်ဖြင့် ဖျော်ဖြေတင်ဆက်ရသော ယဉ်ကျေးမှု အကမျိုးဖြစ်သော ကရင်ဒုံးယိမ်းကို အခြားတိုင်းရင်းသားများကပါ နှစ်သက်ကြပြီး ကရင်၊ မွန်၊ ဧရာဝတီ၊ ရန်ကုန် နှင့် အခြားဒေသများတွင် တွေ့ရလေ့ရှိသည်။
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နှစ်စဉ် ပြုလုပ်တော့မည် မဟုတ်ဘဲ ၂ နှစ်လျှင် ၁ ကြိမ် ကျင်းပသွားရန်၊ တိုင်းရင်းသားလူမျိုးစုအသီးသီး၏ အကများကိုလည်း အလှည့်ကျ ထည့်သွင်း ကျင်းပသွားရန် မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။