သတင်း

ဆိုကရေးတီးတွင် ရခိုင်ယိမ်းထည့်သွင်းမှုကို ရခိုင်သားတို့ ဝမ်းသာဂုဏ်ယူ

ရန်ကုန် – ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ယိမ်း ပါဝင်လာခြင်းအတွက် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ နိုင်ငံအတွင်း သွေးစည်းညီညွတ်ရေး ပိုမိုဖြစ်ပေါ်စေသည့် အစီအစဉ် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားအများအပြားက ပြောသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးတွင် တိုင်းရင်းသားရိုးရာ အကများကို ထည့်သွင်းစေချင်သည်ဟူသော တင်ပြချက်အရ အလှည့်ကျ ထည့်သွင်းမည့် အကအမျိုးအစားကို မဲနှိုက် ရွေးချယ်ရာ ယခုနှစ်အတွက် ရခိုင်ယိမ်း၊ ကရင်ဒုံးယိမ်းတို့ အရွေးခံရခြင်းဖြစ်သည်။

“ရခိုင်ယိမ်းအကကို ရခိုင်တိုင်းရင်းသားတို့ကသာမက တိုင်းနဲ့ ပြည်နယ်တွေ ကကြမယ်ဆိုတော့ အချင်းချင်းလည်း ပိုပြီးရင်းနှီးလာမယ်။ ဒီလိုမျိုး အလေးထား ကပေးတဲ့အတွက်လည်း အများကြီး ဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ရခိုင်ယိမ်း ဒိုင်လူကြီးတစ်ဦးဖြစ်သည့် ဒေါ်မိချောက ပြောသည်။

ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသူကျောင်းသားများ၏ ၁၆ ဦးပါ ယိမ်းအဖွဲ့ကို ထိုကျောင်းမှ အကသင်ဆရာများက လေ့ကျင့်ပေးမည်ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသားလူမျိုးစုများ၏ မတူကွဲပြားသော ယဉ်ကျေးမှုကို အပြန်အလှန်လေ့လာနိုင်သည့် အစီအစဉ် ဖြစ်သောကြောင့် နားလည်မှုပိုရှိပြီး ပိုမိုရင်းနှီးလာမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါ်နုမြဇံက မှတ်ချက်ချသည်။

“ရခိုင်ယိမ်းအကကို မွန်ကလည်း က၊ ကရင်ကလည်း ကမယ်၊ တစ်နည်းအားဖြင့် ကိုယ့်ရိုးရာအကတွေ ပြန့်ပွားစေတယ်။ နောက်တစ်ဖန် မွန်အကနဲ့ ပြိုင်ရမယ်ဆိုရင် မွန်အကကို ကိုယ်တို့ရခိုင်တွေကလည်း ကတတ်သွားမယ်” ဟု ပြတိုက်အတိုင်ပင်ခံ ပညာရှင် ဒေါ်နုမြဇံက ပြောသည်။

“အရင်တုန်းကဆိုရင် ဗမာသီချင်း၊ ဗမာအက၊ ဗမာတူရိယာတွေနဲ့ ပြိုင်ကြရတယ်။ အခြားတိုင်းရင်းသားတွေက ပထမဆု၊ ဒုတိယဆု ရတယ် ဆိုတာ သိပ်မရှိဘူး။ ဆုရရင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ဖြစ်နေကြတယ်။ ရန်ကုန်၊ မန္တလေးရလို့ တစ်ယောက်မှ မချီးမွမ်း။ သူတို့အကနဲ့ ပြိုင်တာ သူတို့ရတာပဲ။ ရခိုင်ကလည်း ငါတို့အကနဲ့ ပြိုင်ကြည့်ပါလား၊ ချင်းကလည်း ချင်းအကနဲ့ ပြိုင်ကြည့်လေ အဲဒီလို ပြောတယ်”

လူမျိုးတစ်မျိုး၏ အကကို အလှည့်ကျ ရွေးချယ်ခြင်းဖြင့် မတူခြားနားသော ယဉ်ကျေးမှုများ ဖော်ထုတ်ပေးရာရောက်သောကြောင့် သက်တမ်း ၂၂ နှစ် ရှိလာပြီဖြစ်သည့် နိုင်ငံလုံးဆိုင်ရာပြိုင်ပွဲသည်မျှတမှု ပိုမို ရှိလာသည်ဟု ဒေါ်နုမြဇံက သုံးသပ်သည်။

ပြည်နယ်/တိုင်း အကအဖွဲ့တို့၏ အောက်တိုဘာလ နှောင်းပိုင်း ယှဉ်ပြိုင်ပွဲများအပြီးတွင် အနိုင်ရအဖွဲ့ ၃ ဖွဲ့သည် ရွှေ၊ ငွေ၊ ကြေးတံဆိပ် ရရှိမည်ဟု ရန်ကုန်ဒိုင်တစ်ဦးဖြစ်သည့် ဒေါ်မိချောက ပြောသည်။

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နှစ်စဉ် ပြုလုပ်တော့မည် မဟုတ်ဘဲ ၂ နှစ်လျှင် ၁ ကြိမ် ကျင်းပသွားရန်၊ တိုင်းရင်းသားလူမျိုးစုအသီးသီး၏ အကများကိုလည်း အလှည့်ကျ ထည့်သွင်း ကျင်းပသွားရန် မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သျှိန်ဒိုင်၊ ရထားပန်းယိုင်၊ ရခိုင်ရိုးရာ ဗုဒ္ဓပူဇေနိယ၊ ဟန်ဇိလေ ဟန်ဇွလေ၊ ဝေသာလီ၊ ပိုးဝါ၊ သာလီစွရခိုင်ပြည်နယ် စသည့် ရခိုင်ရိုးရာယဉ်ကျေးမှုအကများကို ရခိုင်ဒေသတွင်သာမကဘဲ ရန်ကုန်တွင်ပြုလုပ်သည့် အမျိုးသားနေ့၊ ရခိုင်ပြည်နယ်နေ့၊ ဆရာတော်ဦးဥတ္တမနေ့ ဆိုင်ရာ အထိမ်းအမှတ် အခမ်းအနား၊ ကြိုဆိုပွဲ၊ စုံညီပွဲ၊ ဘာသာရေးဆိုင်ရာ ပူဇော်ပွဲ၊ ရိုးရာပွဲများတွင် တွေ့နိုင်သည်။

အကအဖွဲ့တွင် ပါဝင်နိုင်သည့် လူအင်အားအပေါ် မူတည်ပြီး ၄ ယောက်မှ ၃၂ ယောက်အထိ စုပေါင်း ကပြလေ့ရှိသည်။

—————–
(အေးအေးသန်းသည် RIA သတင်းဌာနမှ ဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်။)

Show More

Related Articles

Back to top button