
ရန်ကုန် – ထိုင်းနိုင်ငံရောက် မြန်မာပြည်သားအလုပ်သမားများ နေရပ်ရင်းသို့ ငွေပို့ရာတွင် အသုံးပြုနိုင်သည့် လမ်းကြောင်းတစ်ခု အောက်တိုဘာ လလယ်ပိုင်းတွင် ပေါ်ပေါက်လာသည်။
TrueMoney ဟု အမည်ရသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့တွင် စတင် မိတ်ဆက်ပေးရာ ဤဝန်ဆောင်မှု၏ အားသာချက်မှာ ငွေလွှဲရာတွင် လျင်မြန်၊ လွယ်ကူ၊ စိတ်ချရခြင်း၊ ငွေလွှဲခ ဈေးနှုန်း သက်သာခြင်းတို့ ဖြစ်သည်ဟု TrueMoney ၏ တာဝန်ရှိသူများက ပြောသည်။
ယခုနှစ်ကုန်သည့်အခါ TrueMoney Transfer ၏ ဆိုင်ပေါင်း ထိုင်းတွင် ၂၅ဝ၊ မြန်မာပြည်တွင် ၇ဝဝ နီးပါး ရှိလာမည်ဟု သိရသည်။
ထိုင်းရောက် အလုပ်သမားတစ်ယောက်က ငွေလွှဲလိုပါက TureMoney ၏ တရားဝင် ကိုယ်စားလှယ်ဆိုင် တစ်ခုတွင် အလုပ်သမားသက်သေခံ ပြသခြင်း၊ ဖုန်းနံပါတ်ပေးခြင်းတို့ဖြင့် စာရင်းသွင်း၊ မှတ်ပုံတင်ရမည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် ဘဏ်တွင် အကောင့်တစ်ခုဖွင့်ခြင်းနှင့် ဆင်တူသည်။
ငွေလွှဲသည့်အခါ မြန်မာပြည်တွင် ငွေထုတ်ယူမည့်သူ၏ အချက်အလက်၊ ဖုန်းနံပါတ်တို့ကို ပေးပြီးလျှင် စာရင်းသွင်းထားသည့် ဖုန်းနံပါတ်သို့ ဂဏန်း ၈ လုံးပါ ငွေလွှဲကုဒ်နံပါတ် ရောက်လာမည်ဟု ဆိုသည်။
မြန်မာပြည်ရှိ ငွေလက်ခံမည့်သူသည် နှစ်သက်ရာ TrueMoney Transfer ဆိုင်တွင် အဆိုပါကုဒ်နံပါတ်၊ မှတ်ပုံတင်၊ သူ၏ ဖုန်းနံပါတ်တို့ကို ပြသပြီး ငွေထုတ်ယူနိုင်မည်ဟု ဆိုသည်။
“နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတွေထဲမှာ အခုလောက် ရိုးရှင်းတဲ့ ဝန်ဆောင်မှုမျိုး မရှိဖူးပါဘူး” ဟု TrueMoney Transfer ၏ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး မစန်းသော်တာဝန်းက ပြောသည်။
TrueMoney အရာရှိတစ်ဦးဖြစ်သည့် ကိုလော့ဒ်အောင်က ၎င်းတို့ ဝန်ဆောင်မှုပေးသည့် ဒေသများမှာ မွန်၊ တနင်္သာရီ၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူး စသည့် ရွှေ့ပြောင်းအလုပ်သမားတို့၏ ဇာတိမြေ ၉ဝ % ကို လွှမ်းခြုံထားကြောင်း၊ ထိုင်းနိုင်ငံဘက်တွင် မြန်မာအများအပြားရှိသည့် ဘန်ကောက်နှင့် အနီးတဝိုက် ခရိုင်များ၊ ကန်ချနဘူရီ၊ ဖူးခက် အစရှိသည့် ခရိုင်များ ပါဝင်သည်ဟု ဆိုသည်။ မကြာတော့မည့် အနာဂတ်တွင် စင်ကာပူကဲ့သို့သော ဒေသတွင်းနိုင်ငံများမှ မြန်မာသို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ရရန် ကြိုးပမ်းမည်ဟု သူက ဆက်ပြောသည်။
ဘတ် ၅,ဝဝဝ လွှဲလျှင် ဝန်ဆောင်ခ ၅ဝ ကျသင့်မည်ဖြစ်ပြီး ဘတ် ၅,ဝဝဝ မှ ၁ဝ,ဝဝဝ ကြား ဆိုလျှင် ဝန်ဆောင်ခ ၁ဝဝ ကျသင့်မည်ဟု ဆိုသည်။ ဘတ် ၃ဝ,ဝဝဝ ကျော်လျှင် ဝန်ဆောင်ခ ၃ဝဝ ပေးရမည် ဖြစ်သည်။
TrueMoney သည် ငွေပေးချေမှု၊ ဖုန်းငွေဖြည့်ခြင်း၊ ပြည်တွင်းငွေလွှဲခြင်း စသော ဝန်ဆောင်မှုများသာ ရှိနေရာမှ ယခုအခါ လုပ်ငန်း တိုးချဲ့လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အထင်ကရ တယ်လီဖုန်းအော်ပရေတာ တယ်လီနောသည် ရိုးမဘဏ်တို့ ပူးတွဲပြီး နိုင်ငံအနှံ့wavemoney ဌာနခွဲများ တည်ထောင်ကာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။
MyPay, MyKyat ကဲ့သို့သော အွန်လိုင်းစီးပွားရေးစနစ်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတို့နှင့် ပတ်သက်သော လုပ်ငန်း တချို့ကလည်း အွန်လိုင်းငွေလွှဲလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
———————–
(လွမ်းဒေါင် သည် မြစ်ကြီးနားမြို့မှ လူငယ်တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ Myanamr Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်)