သတင်း

ထိုင်း-မြန်မာ ငွေလွှဲဈေးကွက်ကို TrueMoney ဝင်ရောက် ထိုးဖောက်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့ကို ငွေလွှဲဝန်ဆောင်မှုပေးသည့် ဈေးကွက်အတွင်းသို့ အောက်တိုဘာလတွင် ရောက်ရှိလာသည့် TrueMoney အီလက်ထရွန်နစ် ငွေလွှဲစနစ်က “ချက်ချင်းလွှဲ ချက်ချင်းယူ” ဟူသော ကြွေးကြော်သံဖြင့် ဖောက်သည်များကို စည်းရုံးလိုက်သည်။

TrueMoney ၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သည့် ကိုလော့ဒ်အောင်က အီလက်ထရွန်နစ် ငွေလွှဲစနစ်ကို အသုံးပြုခြင်းကြောင့် အားသာချက် များစွာ ရှိသည်ဟု ဆိုသည်။

“လွယ်ကူ မြန်ဆန်ပြီး လုံခြုံရေးပိုင်းမှာလည်း စိတ်ချရတယ်။ အခုလွှဲရင် အခုထုတ်လို့ရတယ်။ ဝန်ဆောင်ခလည်း သက်သာတယ် ပြဿနာတစ်ခုခု ဖြစ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ငွေပြန်အမ်းဖို့ အမြဲ အဆင်သင့် ဖြစ်တယ်” ဟု ကိုလော့ဒ်အောင်က ပြောသည်။

ဤလုပ်ငန်းကို AGD ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

အီလက်ထရောနစ်စနစ်ဖြင့်ငွေလွှဲပို့လိုသူ ထိုင်းရောက်မြန်မာလုပ်သားများသည် TrueMoney ဆိုင်များတွင် အကောင့်ဖွင့်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ငွေလွှဲပြောင်းနိုင်မည့်နေရာ ၂၅ဝ ရှိကြောင်း၊ မြန်မာဘက်တွင် မွန်၊ တနင်္သာရီ၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးစသည့် ဒေသများရှိ TrueMoney ကိုယ်စားလှယ်များ၊ AGD ဘဏ်များတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

အီလက်ထရောနစ် ငွေလွှဲပြောင်းစနစ် မိတ်ဆက်ပွဲကာလ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ အခမဲ့ ဝန်ဆောင်မှုပေးမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံရှိ မြန်မာတို့၏ ငွေလွှဲဈေးကွက်မှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်နေသည်။

ထိုင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမား၂ သန်းရှိကြောင်း၊ အလုပ်သမားတစ်ဦး၏ နှစ်စဉ် အိမ်ပို့ငွေမှာ ကျပ်ဆယ်သိန်းနီးပါး ရှိကြောင်း လေ့လာ တွေ့ရှိရသည်ဟု TrueMoney က ဆိုသည်။

အလုပ်သမားတို့သည် နေရပ်ရင်းသို့ ငွေလွှဲရန် ဟွန်ဒီသမားတို့ကို အများဆုံး အားကိုးနေကြသည်။ ထိုသို့ ငွေလွှဲရာတွင် ယုံကြည်ချက်အပေါ် အရင်းတည်ပြီး လုပ်ကိုင်ကြခြင်း ဖြစ်သည်။

အလိမ်ခံရခြင်းများ ရှိတတ်သဖြင့် လူမျိုး၊ ဘာသာစကား၊ မူရင်းနေရပ်ဒေသ တူညီသော ဟွန်ဒီလုပ်ငန်းရှင်တို့ကိုသာ ရွေးချယ် ဆက်ဆံသူလည်း အများအပြား ရှိနေသည်။ ငွေကြေးနှင့် ပတ်သက်ပြီး အာမခံချက် ရာနှုန်းပြည့် မရှိသော်လည်း ဟွန်ဒီသမားတို့၏ လူကြိုက်များသော အားသာချက်မှာ အိမ်တိုင်ရာရောရောက် ငွေပို့ပေးနိုင်ခြင်း ဖြစ်သည်။ အားနည်းချက်မှာ ငွေထုတ်ယူရန် တစ်ရက်ခန့် စောင့်ဆိုင်းရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် တအာင်း တိုင်းရင်းသားတစ်ဦးဖြစ်သည့် လွေးစမိုင်းက ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ရှိ မိသားစုသို့ ငွေလွှဲရာတွင် အိမ်အရောက်ပို့ ဟွန်ဒီစနစ်ကို ဆက်လက် အသုံးပြုလိုသည်ဟု ဆိုသည်။

“မြဝတီ ဒါမှမဟုတ် တာချီလိတ်ကနေတစ်ဆင့် ပို့ကြတယ် TrueMoney လည်း သိတယ်။ ဒါပေမယ့် မလွှဲဖြစ်ဘူး။ ကျွန်မက တာချီလိတ်ကနေလွှဲရတာ အဆင်ပြေပါတယ်။ အဲဒါကြောင့် မပြောင်းတော့ဘူး” ဟု ပြောသည်။

ထိုင်းမြို့ကြီးများရှိ တချို့သော မြန်မာအလုပ်သမားတို့က ဘဏ်မှတစ်ဆင့် ငွေလွှဲလျက်ရှိပြီး အများစုမှာ ဘဏ်နှင့် ဆက်ဆံခြင်း မရှိကြပေ။

၂၀၁၂ နှစ်ဆန်းပိုင်းက စတင်ပြီး မြန်မာဘဏ် ၄ ခုသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခွင့်ကို အကန့်အသတ်ဖြင့် ရရှိခဲ့သည်။ AGD ဘဏ်က စင်ကာပူနှင့် မလေးရှား၊ ကမ္ဘောဇဘဏ်က ထိုင်း၊ သမဝါယမဘဏ်က စင်ကာပူ၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံတို့ရှိ မြန်မာပြည်သားတို့ နေရပ်ရင်းသို့ ငွေလွှဲခြင်းကို ဝန်ဆောင်မှု ပေးခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာန ငွေလွှဲဝင်ရောက်မှု စာရင်းကို ကိုးကား ရေးသားထားသည့် The Voice ဂျာနယ် သတင်း တစ်ပုဒ်တွင် ပြည်ပရောက်မြန်မာများ ထိုဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ ပို့သည့် ငွေပမာဏမှာ လုပ်ငန်းအစပြုသည့် ပထမ ၁၃ လ အတွင်း ကျပ် ၈၈ ဘီလျံကျော် ရှိသည်ဟု ဖော်ပြထားသည်။

———————–
(မိုင်းအိုက်ယွန်းသည် လားရှိုးအခြေစိုက် မားနဂါး သတင်းဂျာနယ်၏ သတင်းထောက်တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်)

 

Show More

Related Articles

Back to top button