
အစိုးရသစ် သက်တမ်း ၇ လ အတွင်း မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်မှ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သည်ကို မတွေ့ရကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က သောကြာနေ့တွင် ဝေဖန်လိုက်သည်။
အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးနိုင်ရေး အမြန်ကြိုးပမ်းရန် တိုက်တွန်းမှုအပြီး ထိုသို့ ဝေဖန်လိုက်ခြင်း ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးစာချုပ်အား တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်လာနိုင်စေရန် နည်းလမ်းများ ရှာရမည်ဖြစ်ကြောင်း၊ စာချုပ်တွင် မပါဝင်နိုင်သေးသည့် အစုအဖွဲ့များလည်း စိတ်အားထက်သန်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသော်လည်း ငြိမ်းချမ်းရေးအတွက် လက်တွေ့ဆောင်ရွက်မှု အားနည်းနေသည်ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
“NLD အစိုးရက ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားအားလုံးလိုလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အောင်မြင်မယ်လို့ ယုံကြည်ကြတယ်။
ဒါပေမယ့် ခုချိန်ထိ ၂၁ ပင်လုံညီလာခံပဲ ပြုလုပ်နိုင်သေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ မတွေ့ရဘူး”ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းလာပါက PSLF/TNLA အဖွဲ့ အနေဖြင့် သီးသန့်တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံပြီးနောက် တိုင်းရင်းသားဒေသ တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း၊ အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့နှင့်ပါ တိုက်ပွဲဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
ဤအတောအတွင်း ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် PSLF/TNLA အဖွဲ့ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
နိုဝင်ဘာ ၄ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ မုံးစီးကျေးရွာအနီးတွင် PSLF/TNLA အဖွဲ့က ဆွဲမိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့သုံးပြီး တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်မှ စစ်သည်တစ်ဦး ဒဏ်ရာရကြောင်း မြဝတီသတင်းစာတွင် ဖော်ပြထားသည်။
——————-
(မိုင်းအိုက်ယွန်းသည် လားရှိုးအခြေစိုက် မားနဂါးသတင်းဂျာနယ်၏ သတင်းထောက်တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်)