သတင်း

NLD ဦးဝင်းထိန်ကို ဝေဖန်သူ များပြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်သည် နှစ်သစ်၏အစတွင်လည်း ဝေဖန်မှုအများအပြားနှင့် ဆက်လက် ရင်ဆိုင်နေရသည်။

ဦးဝင်းထိန်၏ အာဏာရှင်ဆန်သော လုပ်ရပ်များကို ရပ်တန့်ပေးရန် ဆောင်ရွက်ချိန်တန်ပြီဟု ပါတီဝင်တချို့နှင့် ရှမ်းပြည်နယ်အဆင့် ထိပ်တန်း ပါတီဝင်ဟောင်းတို့က ဇန်နဝါရီ ၁၄ ရက်နေ့ တောင်ကြီးမြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပါတီတွင်း အာဏာရှင်ဆန်ခြင်းကို မနှစ်သက်သဖြင့် မိုင်းရှူးမြို့တွင် နုတ်ထွက်သွားသော ပါတီဝင်၂၀ ကျော်ပြီဖြစ်ကြောင်း၊ ဤအခြေအနေတို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဒေသခံတို့၏ ပါတီဘက်မှ ရပ်တည်မှု ကင်းမဲ့ဖွယ် ရှိကြောင်း ၎င်းတို့က ဆိုသည်။

ဦးဝင်းထိန်က ရှမ်းပြည်နယ် NLD ပါတီအဖွဲ့ဝင် ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် အများအပြားကို ၂၀၁၆ စက်တင်ဘာတွင် နုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းတွင် ပါတီက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ နှစ်ဖက်စလုံးကို စစ်ဆေးမေးမြန်းခဲ့သည်။

”အထုတ်ခံရတဲ့ကိစ္စတွေကို နေပြည်တော်မှာ စစ်ဆေးခံခဲ့ပေမဲ့ အရာမထင်ခဲ့ဘူး။ ဦးဝင်းထိန် လက်မှတ်နဲ့ပဲ ပြန်ထွက်လာတယ်။ ရှင်းရှင်းလင်းလင်းလည်း မရှိ၊ သိလည်း မသိရဘူး” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အင်တာနက်လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြီးနောက်ပိုင်းတွင် ထုတ်ပယ်ခံခဲ့ရသူ တောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌဟောင်း ဦးတင်မောင်တိုးက ပြောသည်။

ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပါတီမှ ထုတ်ပယ်ခံရသော ပြည်နယ်အလုပ်အမှုဆောင်ဟောင်း ဒေါ်ခင်မိုးမိုးက ပါတီဝင်များ လုံခြုံမှု မရှိသကဲ့သို့ ခံစားနေရပြီး ပါတီ၏ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်လာသောကြောင့် ပါတီခေါင်းဆောင်တို့ သိရှိစေရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

ရှမ်းပြည်နယ် NLD ပါတီ အဖွဲ့ဝင်ဦးဝင်းနိုင်စိုးကလည်း ပြည်နယ်အဆင့် ခေါင်းဆောင်တို့မှာ ပါတီညီလာခံတွင် ရွေးချယ်ခံထားရခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒီအမှုဆောင်တွေကညီလာခံကနေ တက်လာတာ။ ပါတီဝင်တွေကရွေးချယ်မှ အကျုံးဝင်တာ၊ လူတစ်ဦးတစ်ယောက်ကနေပြီးတော့ ပြည်နယ်အဆင့်လူတွေကို အာဏာရှင်ဆန်ဆန် ထုတ်ပယ်တာကိုတော့ လုံးဝ လက်မခံဘူး” ဟု ဦးဝင်းနိူင်စိုးက ဆိုသည်။

ဤအတောအတွင်း ရန်ကုန်မြို့တွင် ဦးဝင်းထိန်ကို ဝေဖန်သည့် စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။

“ပြည်သူ့နှလုံးသားထဲက မဟာ့မဟာသမ္မတ ဒေါ်အောင်ဆန်းစုကြည် အနီးက မိုးကျရွှေကိုယ် မင်းမြောင်မိစ္ဆာ မိတ္ထီလာ ဝင်းထိန်” ဟု အမည်ပေးထားသော ထိုစာအုပ်ကို ရွှေဖိုးခေါင် ကလောင်မည်ခံသူတစ်ဦးက ရေးသားခြင်း ဖြစ်ပြီး ထိုစာအုပ်အကြောင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဦးဝင်းထိန်ကမူ ထိုသို့ ဝေဖန်ရေးသားခြင်းနှင့် ပတ်သက်ပြီး တုံ့ပြန်မည်မဟုတ်ဟု The Voice သတင်းစာကို ပြောသည်။

“အဲဒီကောင် တီကောင်၊ အသက်က ၇ဝ ကျော်နေပြီ၊ ဒီကောင် စိတ်ကြီးဝင်နေတာ” ဟု ဦးဝင်းထိန်က ပြောဆိုကြောင်း သတင်းစာတွင် ရေးထားသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေပါပြဋ္ဌာန်းချက်အရ အစိုးရအဖွဲ့တွင် ထိပ်တန်း ရာထူးများ ရယူထားသည့်ကာလအတွင်း ပါတီ၏ လုပ်ငန်းဆောင်တာများကို ပါဝင်ဆောင်ရွက်ခွင့် မရှိပေ။

ဥက္ကဋ္ဌ ဖြစ်သူ တာဝန်ထမ်းနိုင်ခြင်းမရှိသည့်အချိန်တွင် ဦးဝင်းထိန် ပါဝင်သည့် ဗဟိုအတွင်းရေးမှူးအဖွဲ့က ပါတီ၏ အရေးပါသည့် လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေသည်။

၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် အစိုးရက ဒုဝန်ကြီးတစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းမှာ ဦးဝင်းထိန်၏ အစီအစဉ် ဖြစ်သည်ဟု အများက ယုံကြည်ကြပြီး ထိုဖြစ်ရပ်ပေါ်ပေါက်ချိန်က စတင်ကာ ဦးဝင်းထိန်ကို ဝေဖန်မှု အများအပြား ပေါ်ထွက်ခဲ့သည်။

ဤသတင်း ရေးသားသူ နန်းညိုညိုဝင်းသည် ပအိုးဝ်တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။

Show More

Related Articles

Back to top button