တရုတ်နှစ်သစ်ကူး ကာလရောက်ပြီဖြစ်သောကြောင့် ရန်ကုန်မြို့ရှိ တရုတ်တန်းသည် လည်ပတ်သူများနှင့် စည်ကားလျက်ရှိသည်။
ဇန်နဝါရီ ၂၈ တရုတ်နှစ်သစ်ကူး မတိုင်မီမှာပင် တရုတ်တန်းတလျှောက် မီးထွန်းပြီးအလှဆင်ခြင်း၊ နဂါးအက၊ ခြင်္သေ့အက ကသည့် အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုတို့ကို တွေ့နေရသည်။
ရန်ကုန်တရုတ်တန်းတည်ရှိရာ လသာ၊ လမ်းမတော်မြို့နယ်များရှိ ဘုံကျောင်းများတွင်လည်း ဝတ်ပြုဆုတောင်းသူ အများအများ ရှိနေသည်။
နှစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၈ ရက် နံနက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်တန်း တလျှောက် သံဃာအပါး ၁,၂ဝဝ ကို ဆွမ်းဆန်စိမ်းလောင်းမည်ဟု သိရသည်။
နှစ်သစ်ကူးပွဲတော်ကို ယခင်နှစ်များနှင့် လုံးဝ မတူဘဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ က မီးစိမ်းပြထားသည်။
နှစ်သစ်ကူး ပွဲတော်တွင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပိုမို ဖော်ဆောင်နိုင် ကြိုးပမ်းသွားမည်ဟု တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုကြောင်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
“တရုတ် ရိုးရာ နှစ်သစ်ကူးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တရုတ်တန်းမှာ အကြီးအကျယ် ကျင်းပမှာပါ။ စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်နဲ့အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး တစ်ခု အတွက်ပါ”ဟု ဝန်ကြီးချုပ်က ပြောသည်။
တရုတ်နိုင်ငံတွင် နှစ်သစ်ကူးကာလကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ထားရာ ဇန်နဝါရီ ၂၈ မှစ၍ ၇ ရက်ကြာမည်ဖြစ်သည်။
တရုတ် အများအပြား နေထိုင်ရာ စင်ကာပူတွင် နှစ်ကူးကာလ ဇန်နဝါရီ ၂၈၊ ၂၉ တို့ကို အများပြည်သူအားလပ်ရက်များအဖြစ် သတ်မှတ်ထားသည်။
ထိုင်ဝမ်တွင်လည်း အလားတူ သတ်မှတ်ထားသည့်အပြင် ဇန်နဝါရီ ၃ဝ တနင်္လာနေ့ကိုလည်း အစားထိုးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
ယခုကာလသည် တရုတ်ပြက္ခဒိန်အရ မျောက်နှစ်မှ ကြက်နှစ်သို့ ကူးပြောင်းသည့်ကာလဖြစ်ပြီး ကြက်နှစ်ပြီးလျှင် ခွေးနှစ် လာမည်ဖြစ်သည်။
(သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦးဖြစ်သည်။)