မြို့ကို တည်ဆောက်နေဆဲဆိုသော်လည်း တရုတ်အငွေ့အသက်တို့က လွှမ်းခြုံနေပါသည်။ တရုတ်စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ကာရာအိုကေဆိုင်များ ရောက်နေပါပြီ။ တရုတ်လူမျိုးများသည် တိုက်ခန်းအသစ်၊ အိမ်ရာအသစ်များ ပြီးစီးမည့်အချိန်ကို စောင့်ဆိုင်းရင်း ယာယီဆောက်ထားသည့် တန်းလျားပုံစံ တိုက်ခန်းတွဲများတွင် နေထိုင်နေကြသည်။
ကျန်သည့်အဆောက်အအုံများမှာ ဂိုဒေါင်အကြီးစားများ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် အုပ်ချုပ်ရေးဌာနများအတွက် ရုံးခန်းဖြစ်လာဖွယ်ရှိသော အရာများဖြစ်သည်။ တရုတ်ရွှေ့ပြောင်းများနေထိုင်ရာ နေအိမ်အချို့၏ အပြင်ဘက်တွင် စောင့်နေသည့် လက်နက်ကိုင်လုံခြုံရေးများသည်ပင်လျှင် တရုတ်စာများပါသော လက်ပတ်များ လက်မောင်းမှာ စည်းထားကြသည်။
ထိုမြင်ကွင်းသည် တရုတ်ပြည်တွင်း၌ မြင်ရသည့် မြင်ကွင်းမဟုတ်ပါ။ တရုတ်ပြည်တွင်းရှိ ဆောက်လုပ်ရေးစီမံကိန်း နောက်ထပ်အသစ်တစ်ခုမဟုတ်ပါ။
ယခုပြောခဲ့သမျှသည် ရန်ကုန်မြို့အရှေ့ဘက် ကီလိုမီတာ ၄၂၀ (၂၆၁ မိုင်)၊ ဘန်ကောက်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ခန့်အကွာ ထိုင်းမြန်မာနှစ်နိုင်ငံအကြား နယ်စပ်မျဉ်းအဖြစ် စီးဆင်းနေသည့် သောင်ရင်းမြစ်၏ အနောက်ဘက်ကမ်း မြန်မာဘက်ခြမ်းရှိ ရွှေကုက္ကိုအမည်ရှိ မြို့ငယ်လေးမှာ မြင်ရသည့် မြင်ကွင်းဖြစ်သည်။ ထိုမြို့၏ နယ်စပ်ပတ်လည်ကို ကရင်စစ်ဗိုလ်ကလေး စောချစ်သူက ထိန်းချုပ်ထားသည်။ ချစ်သူသည် မြန်မာတပ်မတော်နှင့် ငြိမ်းချမ်းရေးယူပြီး ၎င်း၏ တပ်ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သူ ဖြစ်သည်။
တရုတ်တို့တည်ဆောက်နေသည့် စုစုပေါင်းဧရိယာမှာ ဧက ၂၀၀၀ (ဟက်တာ ၈၀၀ ကျော်) ရှိသည်။ တရုတ်၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရှိနိုင်သည်ဟု မြန်မာမီဒီယာများက ဖော်ပြကြသည်။ ထိုပမာဏဖြင့်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ကို ယူရမည် ဖြစ်သည်။
သို့သော် တကယ့်တကယ်တမ်းတွင် ထိုကဲ့သို့ခွင့်ပြုချက်တောင်းခံပြီးမှ တည်ဆောက်နေခြင်း ဟုတ်မဟုတ်မှာ မရှင်းလင်းပေ။ မည်သို့ဆိုစေ နေပြည်တော်ရှိ ဗဟိုအစိုးရရော ကရင်ပြည်နယ်အစိုးရရော၏ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲ စောချစ်သူနှင့် သူ့လူများ တာဝန်ယူထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်သည့် နေရာမှာ အဆိုပါဆောက်လုပ်ရေးများ တည်ရှိနေခြင်းသည် အံ့ဩစရာတော့ မဟုတ်ပါ။
ထိုရင်းနှီးမြှုပ်နှံမှုကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Jilin Yatai Group က ကျောထောက်နောက်ခံပေးထားသည်ဟု သတင်းထွက်နေသည်။ ထိုကုမ္ပဏီသည် Myanmar Yatai International Trading Company ဆိုသော အမည်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မှတ်ပုံတင်ခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နေ့စွဲဖြင့် ‘မြန်မာတိုင်း(မ်)’ သတင်းစာ၏ ရေးသားချက်အရ ထိုကုမ္ပဏီနှင့် စောချစ်သူတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက မိတ်ဖက်ပူးပေါင်းရေး စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ရာ ထိုပွဲဖြစ်မြောက်အောင် China Federation of Overseas Chinese Entrepreneurs က စီစဉ်ခဲ့သည်။
စောချစ်သူသည် တစ်ချိန်က ကရင့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖြစ်သော KNLA တွင် အဆင့်နိမ့် အရာရှိတစ်ဦးဖြစ်ခဲ့သည်။ ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး KNU နှစ်ခြမ်းကွဲသည့်အခါ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) သို့ ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
ထို့နောက်ပိုင်းတွင် စောချစ်သူသည် DKBA ၏ တန်ခိုးအထက်ဆုံးတပ်မှူးတစ်ဦးဖြစ်လာပြီး သောင်ရင်းမြစ်နယ်စပ်အနီးရှိ KNLA တပ်စခန်းများကို အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏ တပ်ဖွဲ့သည် ၂၀၁၀ ပြည့်နှစ်တွင် BGF အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ နောင်ငါးနှစ်အကြာ ၂၀၁၅ အောက်တိုဘာလတွင် ကျန်ရှိသည့် DKBA တပ်ဖွဲ့များသည် မြန်မာအစိုးရနှင့် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်’ ကို ချုပ်ဆိုရေးထိုးခဲ့သည်။ ၎င်းနှင့်အတူ KNU နှင့် တခြား ခွဲထွက်ကရင်တပ်ဖွဲ့ငယ်တစ်ဖွဲ့လည်း ပါဝင်လက်မှတ်ထိုးခဲ့သည်။
စောချစ်သူသည် သူနှင့် မြန်မာ့တပ်မတော်တို့အကြား ကာလရှည်ကြာ ရှိလာခဲ့သည့် ဆက်ဆံရေးကြောင့် ရွှေကုက္ကိုဒေသစ်ဝိုက်ကို ထိန်းချုပ်ခွင့်ရလာခဲ့သည်။ ထိုနေရာသည် ကော်မူးရ် ခေါ် ဝမ်းခ ခေါ် KNLA အခြေစိုက်စခန်းတစ်ခု ရှိခဲ့ဖူးသည့် နေရာပင်ဖြစ်သည်။ ထိုအခြေစိုက်စခန်းကို အစိုးရတပ်များက ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ခဲ့သည်။
ရွှေကုက္ကိုကို ကော်မူးရ်၏ အကြွင်းအကျန်များပေါ်မှာပင် တည်ဆောက်ခဲ့ပြီး စည်ကားသည် ဈေးမြို့လေးတစ်မြို့ ဖြစ်လာခဲ့သည်။ ကရင်ဖားစည်ပုံစံတူ ကျောက်များဖြင့် တန်ဆာဆင်ထားသည့် နာရီစင်တစ်စင်ကို မြို့လယ်ကောင်တွင် တည်ဆောက်ခဲ့ပြီး ထိုမြို့သစ်အနီးတွင် စောချစ်သူ၏ နန်းတော်တမျှ ခမ်းနားသည့် နေအိမ်တစ်လုံးရှိသည်။
ထိုမြို့လေး၏ ကရင်များနေထိုင်သည့်ဘက်ခြမ်းတွင် စာသင်ကျောင်း၊ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်းများ ရှိသလို ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားရာ ဈေးတစ်ဈေးလည်း ရှိသည်။ BGF တပ်မှူးတစ်ဦး ဖြစ်လာစဉ်မှစ၍ ချစ်သူသည် သူ့ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်သဖွယ်ဖြစ်နေသော ထို BGF တပ်ကို ခန့်ညားလေးစားရသည့် တပ်တစ်တပ်ဖြစ်လာအောင် တည်ဆောက်ခဲ့သည်။
သူသည် ပညာရေး၊ ကျန်းမာရေးနှင့် ကရင်ယဉ်ကျေးမှု စသည်တို့တွင် ရပ်ရေးရွာရေးဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူကြိုက်များကြောင်းနှင့် သိမ်းသွင်းစည်းရုံးမှုကောင်းသည့် စေ့စပ်ညှိနှိုင်းသူတစ်ဦးအဖြစ် သူ့ကို လူသိများသည်ဟု သတင်းများတွင် ဖတ်ရသည်။
အသစ်တည်ဆောက်နေသည့် မဟာစီမံကိန်းကို ဒေသခံများက “တရုတ်တန်း” ဟု ခေါ်ပြီး ၂၀၁၇ ဧပြီလတွင် ပန္နက်ရိုက်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အရေးပါသည့် သတင်းရင်းမြစ်များအဆိုအရ ထိုစီမံကိန်းပြီးစီးသည့်အခါတွင် ဇိမ်ခံအိမ်ရာများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာကြီးများ၊ ကုန်သွယ်ရေးစင်တာကြီးများ၊ စက်ရုံများ၊ ဂေါက်ကွင်းတစ်ကွင်း၊ ကာစီနိုကစားရုံအပြင် လေဆိပ်တစ်ဆိပ်ပင် ပါလိမ့်မည်ဟု ဆိုကြသည်။
ရွှေကုက္ကိုရှိ တရုတ်ပညာရှင်နှင့် အလုပ်သမားအရေအတွက် အတိအကျကိုတော့ သိရဖို့မလွယ်ပါ။ လွန်စွာ လျှို့ဝှက်ထား၍ဖြစ်သည်။ သို့သော်လည်း ထိုနေရာကို ဖြတ်သန်းကာ ကားမောင်းကြည့်ပြီး စူးစမ်းလေ့လာကြည့်မည်ဆိုပါက အရေအတွက်ရာဂဏန်းရှိသည်မှာ အသေအချာပဲဖြစ်သည်။ ထောင်ဂဏန်းရှိလျှင်လည်း မဖြစ်နိုင်လောက်စရာတော့ မဟုတ်ပါ။
မည်သို့ပင်ဆိုစေကာမူ မရှင်းလင်းသေးသည့်အချက်ရှိသည်။ ဝေးကွာလှသည့် နယ်စပ်မြစ်တစ်စင်း၏ မြစ်ကမ်းနားဒေသတွင် ဤမျှကြီးမျှသော မြို့စီမံကိန်းကြီးတစ်ခုကို ဘာကြောင့်တည်ဆောက်နေရသည်၊ ဘာတွေရည်မှန်းထားသည်ဆိုသော အချက်ပင်ဖြစ်သည်။
ရွှေကုက္ကိုသည် မြဝတီ-မဲဆောက်နယ်စပ်ဖြတ်ဂိတ်၏ မြောက်ဘက် ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့်သာ ဝေးသည်။ မြဝတီ-မဲဆောက်နယ်စပ်တွင် တံတားတစ်စင်းကို ပထမဆုံးတည်ဆောက်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးသည် ကုန်ပစ္စည်းများအပြည့်တင်ထားသည့် ထရပ်ကားများ၊ မြစ်ကို နေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေကြသည့် ထောင်နှင့်ချီသော လူများဖြင့် ပိုမိုထွန်းကားလာခဲ့သည်။
ဒုတိယမြောက်တံတားတစ်စင်း (ချစ်ကြည်ရေးတံတား) ကို မကြာသေးမီကပင် ရွှေကုက္ကိုအနီးတွင် တည်ဆောက်ခဲ့သည်။ သို့သော် မြေယာအငြင်းပွားမှုများကြောင့် တံတားကို မဖွင့်နိုင်သေးဘဲ ထိုနေရာတစ်ဝိုက်သည် ကူးသန်းရောင်းဝယ်ရေး ခြောက်ကပ်လျက်ရှိနေဆဲဖြစ်သည်။
ထို့ပြင် ရွှေကုက္ကို၏ တောင်ဘက်၊ သောင်ရင်းမြစ်၏ မြန်မာဘက်ခြမ်းတွင် ကာစီနိုများ တန်းစီပေါ်ပေါက်လာခဲ့သည်။ ထိုကာစီနိုများတွင် ကစားမည့်သူများမှာ မြစ်ဖြတ်၍ တရားမဝင်ရောက်လာကြသည်။ မြစ်ကိုဖြတ်သည့် နေရာများသည် တရားဝင်သတ်မှတ်ထားသည့် နေရာများမဟုတ်သလို နောက်တစ်ချက်က မြန်မာနိုင်ငံတွင် ကာစီနိုလောင်းကစားလုပ်ငန်းဆိုသည်မှာ စာအုပ်ထဲမှာတော့ ပိတ်ပင်ထားသည့်အရာဖြစ်သည်။
သို့သော်လည်း ဘီလျံနှင့်ချီမည့် ထိုစီမံကိန်းကြီးဆောက်ရသည်မှာ ကာစီနိုလောင်းကစားသမားများအတွက် သက်သက်ဟု အကြောင်းပြ၍ မရနိုင်ပါ။ ထိုနေရာသည် တောခေါင်ခေါင်နေရာကြီးဟု ဆိုကြသည့်နေရာဖြစ်သည်။
မဲဆောက်ရှိ စီးပွားရေးသမားများကြားတွင်မူ ယူဆချက်တစ်ခုရှိနေပြီး ၎င်းအရ ထိုစီမံကိန်းသည် တရုတ်ပြည်တွင်းမှ ပိုက်ဆံများကို အပြင်သို့သယ်ထုတ်ချင်သည့် တရုတ်လုပ်ငန်းရှင်များ၏ ပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ ထိုဒေသကို ဖြတ်သန်းဖောက်လုပ်သည့် အမြန်အဝေးပြေးလမ်းမများ များပြားလာသည်နှင့်အမျှ ထိုစီမံကိန်းသည် တစ်နေ့တွင် အကျိုးအမြတ် တစ်လုံးတစ်ခဲရမည့် ကုန်သွယ်ရေးဗဟိုဌာနတစ်ခုဖြစ်လာနိုင်သည်ဟု အဆိုပါ မဲဆောက်မြို့သားများက ဆိုသည်။
မဲဆောက်-မြဝတီ နယ်စပ်ဂိတ်သည် အမှတ် (၁) အာရှအဝေးပြေးလမ်းမ သို့မဟုတ် AH1 ပေါ်တွင် တည်ရှိပြီး ထိုလမ်းမသည် အာရှတိုက်၏ အရှေ့၊ အရှေ့တောင်၊ တောင်နှင့် အနောက်ဘက်ပိုင်းများကို ဆက်သွယ်ထားသည့် လမ်းမဖြစ်သည်။ မြန်မာနိုင်ငံအတွင်းပါဝင်သည့် AH1 မှာမူ လမ်းတစ်လျှောက်တွင် လှုပ်ရှားနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များကြောင့် အမြဲပင် ပြဿနာဖြစ်ခဲ့သည်။ သို့သော်လည်း မကြာသေးမီက အပစ်ရပ်လက်မှတ်များရေးထိုးခဲ့ခြင်း၊ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခဲ့ခြင်းတို့ကြောင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဒေသတွင်းမှ အချက်အလက်စုဆောင်းလေ့လာသူများအပါအဝင် သံသယရှိကြသူအများအပြားကမူ ထိုမျှကြီးမားသည့် ဧရာမစီမံကိန်းကြီးသည် ပေကျင်းနှင့် တရားဝင်အဆက်အသွယ် မရှိဘဲ နိုင်ငံပိုင်ကုမ္ပဏီတစ်ခု၏ စောင်မမှုဖြင့် ဤသို့အကောင်အထည်ပေါ်လာစရာမရှိဟု ဆိုကြသည်။
သို့ဖြစ်လျှင် အဓိပ္ပာယ်မှာ ထိုစီမံကိန်းသည် တရုတ်နိုင်ငံကို ဒေသတွင်းရော ဒေသအပြင်ရောနှင့် ချိတ်ဆက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဒေါ်လာတစ်ထရီလျံ (ဘီလျံ ၁၀၀၀) တန် ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏ အသက်သွေးကြောအဖြစ် စိတ်ကူးထားသည့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံတွင် ခြေကုပ်စခန်းတစ်ခုကို ဖန်တီးမည်ဖြစ်ရာ ထိုစီမံကိန်းသည် တရုတ်အတွက် မဟာဗျူဟာမြောက် အရေးပါလာမည်ဟု ဆိုလိုပေသည်။
တရုတ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနိုင်ငံ၏မြောက်ပိုင်းနယ်စပ်တစ်လျှောက်ရှိ ဒေသအချို့တွင်လည်း အလားတူ ကုန်သွယ်ရေးစင်တာများကို တည်ဆောက်ပြီးဖြစ်သည်။
ထိုရှုထောင့်မှကြည့်လျှင် ရွှေကုက္ကိုသည် တောခေါင်ခေါင်မဟုတ်ပါ။
မြန်မာ၊ ထိုင်းနှစ်နိုင်ငံနှင့် နယ်စပ်တောင်တန်းဒေသများ၌ လှုပ်ရှားနေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မဟာဗျူဟာမြောက် အရေးပါသည့် ဆုံချက်တစ်ခုတွင် ရွှေကုက္ကိုသည် တရုတ်ပြည်အတွက် AH1 ကို လေ့လာစောင့်ကြည့်ရန်နှင့် အတိုင်းအတာတစ်ခုအထိ စီးဆင်းမှုကို ထိန်းချုပ်ရန် ဖြစ်နိုင်ခြေပေးမည့်အရာတစ်ခု ဖြစ်ဖွယ်ရှိသည်။
သို့သော်လည်း တရုတ်ပြည်၏ ရည်ရွယ်ချက်များကို အတိအကျမသိရမချင်းတော့ ထိုဒေသခံပြည်သူများသည် ဆောက်လုပ်ရေးမှအသံများနှင့်တကွ တစ်တိုက်ထက်တစ်တိုက် ပိုမြင့်ဟန်ရှိသည့် မိုးမျှော်အဆောက်အအုံကြီးများ သောင်ရင်းမြစ်၏ အနောက်ဘက်ကမ်းပေါ် ပေါ်ပေါက်လာသည်ကို မျက်စိဖွင့် နာစွင့်နေကြရလိမ့်ဦးမည်ဖြစ်သည်။
(မတ်လ ၁ ရက် နေ့စွဲဖြင့် Asia Times ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်း ဘားတေး လစ်တနာ ၏ A Chinatown mysteriously emerges in backwoods Myanmar ကို ပြန်ဆိုပါသည်။)