
ဟားခါး – ချင်းပြည်နယ်မှာ တောင်ယာခုတ်မှုကြောင့် စမ်းရေခန်းခြောက်လာပြီး စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်နေတယ်လို့ ဟားခါးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဟုန်းကီးက ပြောပါတယ်။
ဦးစီးမှူးက ၁၉၉၈ ခုနှစ်မှာ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက်ပိုင်း ဇာတိ ချင်းပြည်နယ်မှာပဲ စိုက်ပျိုးရေးဌာနတာဝန် ထမ်းရတဲ့အတွက် ဂုဏ်ယူနေပါတယ်။
Myanmar Now နဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဦးစီးမှူးက ဒေသတွင်း စိုက်ပျိုးရေးအခြေအနေ၊ ပတ်ဝန်းကျင် ပျက်စီးပြီး ရာသီဥတု ပြောင်းလဲမှု၊ အမြဲတမ်း တောင်ယာစနစ် အကောင်အထည် ဖော်ခြင်းတို့ အကြောင်း ပြောပြထားပါတယ်။
မေး။ ။ ချင်းတောင်ပေါ်ဒေသမှာ စိုက်ပျိုးရေးသမားတွေ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲကို ပြောပြပေးပါ။
ဖြေ။ ။ အဓိက ကတော့ မျိုးစေ့ကဏ္ဍဖြစ်ပါတယ်။ ဒေသရေမြေနဲ့ကိုက်ညီတဲ့ မျိုးစေ့တွေကို လုံလုံ လောက်လောက် မပေးနိုင်ပါဘူး။ စိုက်ပျိုးရေးဦးစီးဌာနမှာလိုအပ်နေတဲ့ မျိုးစေ့ခြံတွေ အပြည့်အဝ မဖော်ဆောင်ပေးနိုင်တာ တွေ့ရပါတယ်။
မေး။ ။ ချင်းပြည်နယ်က မျိုးစေ့ခြံအကြောင်း ပြောပြပေးပါ။
ဖြေ။ ။ ဟိုးအရင်ခေတ်တုန်းက သုတေသနခြံအဖြစ် ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာ အခြေအနေ အရပ်ရပ်ကြောင့် ဟင်းသီး၊ ဟင်းရွက်မျိုးစေ့ သော်လည်းကောင်း၊ နှစ်ရှည်မျိုးစေ့သော်လည်းကောင်း ဖြန့်ဖြူးနိုင်ဖို့ ၊ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ဒေသမှာဆို ထောပတ်မျိုးတွေကို ဖြန့်ဖြူးနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကော်ဖီ ဆိုရင်လည်း ဒေသနဲ့ ကိုက်ညီမယ့် ကော်ဖီမျိုးစေ့ကို ထုတ်လုပ် ဖြန့်ဖြူးဖို့ စီမံ နေပါတယ်။
မေး။ ။ မျိုးခြံတွေကို ဘယ်လိုလုပ်ကိုင်နေကြပါသလဲ။
ဖြေ။ ။ အရင်တုန်းကတော့ ရှိတယ်လို့ပဲ ဆိုရမလား၊ လုပ်ဆောင်မှုလေးတွေ နည်းနည်းလေး အားနည်းပါတယ်။ ဒေသမှာ ပညာရှင်တွေလည်း အများကြီး လိုအပ်ပါတယ်။ မြေပြန့်ဒေသမှာလို မျိုးစေ့ခြံရယ်လို့ သီးသန့်ကြီး မရှိပါဘူး၊ ထိန်းသိမ်းရေးခြံအနေနဲ့ပဲ ရှိခဲ့ပါတယ်၊ မင်းတပ် (ချင်းပြည်နယ် တောင်ပိုင်းမြို့) မှာဆို ဧက ထောင်နဲ့ချီပြီး ရှိပါတယ်။ ထောပတ်သီးနှံကို ထိန်းသိမ်းနေတယ်။ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ဖို့ ရည်ရွယ်ပြီးတော့ အစေ့ထုတ်ပြောင်းမျိုး ထုတ်လုပ်ခြင်းတို့၊ စပါးမျိုး ထုတ်လုပ်ခြင်းတို့ကို မဆောင်ရွက်နိုင်သေးပါဘူး။ နှစ်ရှည်ပျိုးပင် ထုတ်လုပ်တဲ့ ခြေလှမ်းအဆင့်ကိုပဲ ဖော်ဆောင်ပေးနိုင်ပါသေးတယ်။
မေး။ ။ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ဘယ်လို ကူညီပေးနေပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာတော့ အမြဲတမ်းစိုက်ပျိုးမြေဧက ဖော်ဆောင်ရေးနဲ့ ရွှေ့ပြောင်းတောင်ယာစနစ် လျော့ကျရေးအတွက် အဓိကလုပ်နေပါတယ်။ ချင်းပြည်မှာ ၅၅ ဧက ဖော်ဆောင်မယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့အတူ နေရာ သတ်မှတ်ခြင်း၊ စီမံချက်ရေးဆွဲခြင်းတွေကို လုပ်ဆောင်နေပါပြီ။ ဒီနှစ်မှာ စံပြ ကွက်အနေနဲ့ လွှမ်းခြုံနိုင်မယ့် ဟားခါးခရိုင်မှာဆို ဧက ၃ဝရှိပါတယ်။ အဲဒီ ဧက ၃ဝ ကို နေရာတွေ ရွေးပြီးတာနဲ့ ဇုန်တွေ သတ်မှတ်ပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။
မေး။ ။ ချင်းတောင်းတန်းစိုက်ပျိုးရေးမှာ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်တာက တစ်နှစ်ကို ဘယ်လောက်များရှိလဲ၊ ဒါဟာ လက်ရှိဖြစ်ပေါ်နေတဲ့မြေပြိုမှုတွေ၊ ရေကြီးရေလျှံမှုတွေနဲ့ ဆက်စပ်နေပါသလား။
ဖြေ။ ။ ချင်းတောင်သူတွေရဲ့ ၇၅ရာခိုင်နှုန်းက ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရတာပါ။ ချင်းပြည်နယ်မှာ ၉မြို့နယ်ရှိပါတယ်။ တစ်နှစ်၊ တစ်နှစ်ကို ဧကပေါင်း သိန်းနဲ့ချီပြီး ရွှေ့ပြောင်းတောင်ယာ ခုတ်ပြီးတော့ ရွှေ့ပြောင်းတောင်ယာစနစ်ကို လက်ခံကျင့်သုံးနေကြပါတယ်။ အခု လတ်တလောဖြစ်နေတဲ့ မြေပြိုမှုတွေနဲ့ ဆက်စပ်မှုတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းတောင်ယာမှ မလုပ်ရင် တောင်သူတွေဟာ လုပ်ကိုင်စားသောက်ဖို့မရှိတဲ့အတွက် ဒီဟာတွေကို စဉ်ဆက်မပြတ် လုပ်နေကြပါတယ်။ အခုတော့ အစိုးရအဖွဲ့၊ NGO အဖွဲ့၊ INGO အဖွဲ့တွေနဲ့ အမြဲတမ်းစိုက်ကွက် ဖော်ဆောင်နိုင်ဖို့ ပူးပေါင်းပြီးတော့ ပညာပေးခြင်းလုပ်ငန်း ၊ စံပြကွက်လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ အမြဲတမ်းစိုက်ပျိုးမြေ ဖော်ဆောင်ဖို့ ဘယ်လောက်လျာထားပါသလဲ။ မဖော်ဆောင်နိုင်ရင် ချင်းတောင်တန်းအတွက် ဘယ်လောက်တောင် အန္တရာယ်ရှိနေပါသလဲ။
ဖြေ။ ။ အဓိကကတော့လူပါပဲ။ ဒေသခံလူထုတွေက ဒီရွှေ့ပြောင်းတောင်ယာမှ မလုပ်ရရင် တခြား လုပ်ကိုင်စားသောက်စရာမရှိဘူး။ ဒီတော့ ဒါကိုဆက်ပြီးတော့ လုပ်ကိုင်နေမှာပဲ။ သူ့ရဲ့ ဆိုးကျိုးအနေနဲ့ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတဲ့အတွက်၊ ရာသီဥတု လုံးဝ ပြောင်းလဲသွားတဲ့အတွက်၊ အရင်ဖြစ်ပြီးသား နှစ်ရှည် သီးနှံတောင် အခု မဖြစ်တော့ဘူး။ ပြီးတော့ မြေဆီသြဇာက ခန်းခြောက်လာတယ်။ အရင်တုန်းကဆို မြေဆီသြဇာ ကောင်းခဲ့တယ်။ ရွှေ့ပြောင်းတောင်ယာမှာ တင်း ၃ဝ ထွက်ခဲ့တယ်။ ခု တင်း ၃ဝ ထွက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒေသခံပြည်သူများလည်း ဝင်ငွေရရှိမှု၊ ဒေသဆန်ဖူလုံမှုလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဒေသမှာ ရှိခဲ့တဲ့ စမ်းချောင်းလေးတွေကအစ အခုဆိုရင် လုံးဝ သိသိသာသာကို ခန်းခြောက်သွားပြီးတော့ စိုက်ပျိုးရေး လုပ်ကိုင်ဖို့အတွက် တော်တော်လေး အဟန့်အတား ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ရွှေ့ပြောင်းတောင်ယာဆိုးကျိုးတွေကို ပညာပေးသွားဖို့ ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ ကဏ္ဍအစုံက အဖွဲ့အစည်းပေါင်းစုံ၊ CSO က စပြီးတော့ ပေါင်းစည်းပြီးတော့ ပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာပါ။ အပြောထက် လက်တွေ့ဟာတွေကို ပိုပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့ ကျွန်တော်တို့ဌာနက လမ်းညွှန်ချက်ရှိပါတယ်။ ဒေသ ရေမြေ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံတွေကို ရွေးချယ်ပြီးတော့ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ပြီးတော့ ပညာပေးဖို့ ညွှန်ကြားချက်ရှိပါတယ်။ ။