သတင်း

NLD ခေါင်းဆောင်များကြား ၆၆ (ဃ) အပေါ် အမြင်မတူ

ရန်ကုန် – အငြင်းပွားဖွယ် ၂ဝ၁၄ ခုနှစ် ဆက်သွယ်ရေးဥပဒေရဲ့ ပုဒ်မ ၆၆ (ဃ) ကို အသုံးပြု၊ တရားစွဲတဲ့အမှုတွေ များပြားလာချိန်မှာ ဒီဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သူတချို့ကြားမှာတော့ အမြင်သဘောထား ကွဲပြားနေပါတယ်။

အင်တာနက်မှာရေးသားချက်ကြောင့် နစ်နာရင် ငွေဒဏ်ကနေ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ဖို့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဒီပုဒ်မနဲ့ တရားစွဲခံရရင် အာမခံ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ ဒီလို ရေးဆွဲထားတာကြောင့် တက်ကြွလှုပ်ရှားသူတွေ အကြားမှာ  ဝေဖန်သံတွေ ညံနေတာ ကာလအတန်ကြာပါပြီ။

ရာဇသတ်ကြီးအရ အသရေဖျက်မှုဥပဒေပုဒ်မ ရှိပြီးသားအနေအထားမှာ ဒီဥပဒေပုဒ်မကို ထပ်မံထည့်သွင်းထားတာကြောင့် လက်ရှိအစိုးရလက်ထက်မှာ ၆၆ (ဃ) ကို ပြင်ဆင်မယ် သို့မဟုတ် လုံးဝ ပယ်ဖျက်မယ်လို့ မျှော်လင့်ချက်တွေ မြင့်မားနေကြပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ၆၆ (ဃ) ကို လုံးဝ ဖျက်သိမ်းသင့်တယ်၊ နဂိုရာဇသတ်ကြီးဥပဒေပုဒ်မတွေထဲမှာ ပါပြီးသားတွေကို ပေါင်းစပ်ကာ အာမခံပေးလို့မရအောင် အထူးဥပဒေအဖြစ် ပြဋ္ဌာန်းထားတယ်၊ တရားရေးအနေနဲ့ ယခုလို နဂိုရှိပြီးသားဥပဒေတွေကို ထပ်တိုးထည့်တာမျိုးကို မူအားဖြင့် မလုပ်ကြဘူးလို့  ပြောပါတယ်။

လက်ရှိအချိန် လွှတ်တော်အတွင်း ဆောင်ရွက်ချက်တွေကို မသိသေးကြောင်း၊ အဆိုပါပုဒ်မနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြင်ဆင် သို့မဟုတ် ပယ်ဖျက်ရေးကို တာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“ဥပဒေတစ်ရပ်ရှိပြီးသားကို အထူးဆိုတဲ့ပုံစံမျိုးလုပ်တာဟာ မလုပ်သင့်တဲ့ကိစ္စ။ မြန်မာနိုင်ငံရဲ့ ဥပဒေသမိုင်းတလျှောက်မှာ အဲ့ဒီလို လုပ်ခဲ့လို့ပဲ နိုင်ငံသားတွေ အများကြီး ခံခဲ့ကြရတယ်။

မူလဥပဒေအရ အရေးယူတာမျိုးကိုပဲ သဘောကျပါတယ်။ အထူးဥပဒေသဘောမျိုးလုပ်တာကို လက်မခံချင်ပါဘူး” လို့ ရှေ့နေတစ်ယောက်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး  ဒီနှစ်ပိုင်း ပါတီတွင်း သြဇာ ပိုမိုညောင်းလာတယ်လို့ အများက သုံးသပ်ကြတဲ့ ဦးဝင်းထိန်ကတော့ ဒီပုဒ်မသာ မရှိရင် ဆက်သွယ်ရေးကွန်ရက်မှာ ရေးချင်သလို ရေးသားနေတာတွေ ပိုဆိုးသွားမယ်လို့ Myanmar Now ကို ပြောပါတယ်။

ဥပဒေပြင်ဆင်ဖို့ကိုသာ လွှတ်တော်အတွင်းမှာ ကြိုးစားနေလျက်ရှိပြီး အဆိုပါပုဒ်မအရ အာမခံပေးတဲ့ကိစ္စကို တစ်ပြေးညီဖြစ်စေရေး၊ နည်းဥပဒေပေါ်ထွက်လာအောင် သက်ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းရေးတို့ကို လုပ်ဆောင်နေတယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။

“အာမခံကိစ္စကတော့ တစ်ပြေးညီဖြစ်ဖို့က လက်ခံတယ်။ ကြိုးစားနေတယ်။ အားလုံးကို ညွှန်ကြားထားတာက ဥပဒေတစ်ရပ်ထွက်လာပြီဆိုရင် ရက်ပေါင်း ၉ဝ အတွင်းမှာ နည်းဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနက ပြီးအောင် ရေးရမယ်။ အခုက စတောင် မစသေးဘူးလားမသိဘူး။ ဥပဒေကတော့ ရှိရမယ်။ အာမခံ ပေးမပေးက တစ်ပြေးညီဖြစ်ရမယ်။ တရားသူကြီးရှေ့မှာ သက်သေအထောက်အထားနဲ့ ငြင်းခုံတာတွေ မျှမျှတတဖြစ်အောင်တော့ ကြိုးစားနေတယ်” လို့ ဦးဝင်းထိန်က ဆိုပါတယ်။

ဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ဒီပုဒ်မနဲ့ ရုံးတင်တရားစွဲဆိုတဲ့ အမှုပေါင်း ၅၂ မှု ရှိသွားပြီလို့  ၆၆(ဃ) ကို ပြင်ဆင်ဖို့ လှုပ်ရှားနေတဲ့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ စာရင်းတွေက ဆိုပါတယ်။ အဲဒီ ၅၂ မှုထဲမှာ တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးတဲ့ အမှုတွေ၊ ရဲစခန်းမှာ ပိတ်သိမ်းသွားတဲ့အမှုတွေကို ထည့်သွင်းထားခြင်း မရှိပါဘူး။

ဒီအဖွဲ့ရဲ့ ဖေဖော်ဝါရီလထုတ်အစီရင်ခံစာမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်က တရားစွဲဆိုခံရမှု ၇ မှုမှာ ၅ ဦးက ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်၊ လက်ရှိအစိုးရလက်ထက် တရားစွဲဆိုမှု ၄၂ ခုမှာ ပြစ်ဒဏ်ချလိုက်တာ  ၅ မှု၊ ဖမ်းဆီးချုပ်နှောင်ခံရတာ ၈ မှု ရှိတယ်၊ ကျန်အမှုတွေကတော့ အာမခံရရှိထားသူများနဲ့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲအမှုတွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ပြဋ္ဌာန်းပြီးသားဆက်သွယ်ရေးဥပဒေထဲက ပုဒ်မခုနစ်ခုကို ပြင်ဆင်လိုကြောင်း အစီရင်ခံစာမှာ အကြံပြုထားပြီး ၆၆ (ဃ) နဲ့ အမှုဖွင့်တဲ့အခါ သြဇာကြီးသူတွေရဲ့ အမှုမျိုးကိုသာ ရဲတပ်ဖွဲ့အနေနဲ့ ဂရုတစိုက် ဆောင်ရွက်ကြတာ တွေ့ရတယ် လို့ အဆိုပါသုတေသနအဖွဲ့မှ ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။

“မိန်းကလေးတွေရဲ့ပုံတွေကို ပုံဖျက်ပြီး လိင်ပိုင်းဆိုင်ရာ အွန်လိုင်းစာမျက်နှာတွေမှာ တင်တာကို သွားတိုင်ရင် အမှုဖွင့်ပေးတာတောင် မရှိဘူး။ အဲ့ဒီလိုအမှုတွေက အများကြီးပဲ။

ကျွန်တော်တို့က အကုန်မသိနိုင်ဘူး။ ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီး အကြံတောင်းတာ အမှု ၂ဝ လောက်ရှိမယ်။ ပြင်ဆင်ရေးကို လွှတ်တော်ကို တင်သွင်းတာ။ ဒါပေမဲ့ တရားမျှတအောင်၊ လူ့အခွင့်အရေးနဲ့ အကိုက်ညီဆုံးဖြစ်အောင်၊ အဓိကက ဘယ်သူ့ကိုမဆို အာမခံပေးရမယ်၊ နာမကျန်းလို့ တရားရုံးမလာနိုင်သူ၊ မိမိဂုဏ်အရ တရားရုံးနဲ့ လူသူရှေ့မှာ ထွက်ဆိုလို့မရတဲ့ အမျိုးသမီးတွေကလွဲလို့ ကြားလူကနေ တရားစွဲလို့မရအောင်မျိုးပေါ့” လို့ ကိုယ်တိုင်လည်း ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံရဖူးသူ မောင်ဆောင်းခက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လွန်ခဲ့တဲ့ ၂ လခွဲခန့်က အမျိုးသားလွှတ်တော်မှာ အဆိုပါပုဒ်မကို ဖျက်သိမ်းရေးအစီအစဉ်ရှိမရှိ မေးခွန်းမေးမြန်းရန် ပြင်ဆင်ခဲ့ပေမဲ့ ပါတီတွင်း စိစစ်ရေးကော်မတီက ခွင့်ပြုခဲ့ခြင်းမရှိလို့ သူ့မေးခွန်းကို လွှတ်တော်အတွင်း တင်သွင်းခြင်း မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ရှိသင့်တဲ့ဥပဒေတစ်ရပ်ဖြစ်ပေမဲ့ ပြင်ဆင်သင့်တဲ့အချက်တွေရှိနေကြောင်း သူက ဆက်ပြောပါတယ်။

“ကာယကံရှင်မဟုတ်ပေမဲ့ ကြားကနေ ကြိုက်တဲ့သူက စွဲလို့ရတယ်။ ဥပဒေမှာက ဒီလိုမဖြစ်သင့်ဘူးလေ။ တစ်နည်းနည်းနဲ့တော့ ပြင်ဆင်သင့်တယ်။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်၊ လုံခြုံမှုတို့ကို မထိခိုက်တာမျိုး ဖြစ်ရမယ်။ ဒီမိုကရေစီစံနှုန်းတွေလည်း မထိခိုက်တာမျိုး ဖြစ်ရမယ်။ ကျွန်တော့်အနေနဲ့ နောက်ပိုင်း အခြေအနေပေးရင် ပုံစံတစ်မျိုးမျိုးနဲ့ ဒီဟာကို ထပ်တင်ဖို့ လုပ်မှာပါ” လို့ လွှတ်တော်အမတ် ဦးရဲထွဋ်က ရှင်းပြပါတယ်။

Show More

Related Articles

Back to top button