သတင်း

MRTV-4 ဆရာတော် ပျောက်ဆုံးမှုကို နေပြည်တော်သို့ ဂျူးမျက်ချယ် တိုင်ကြား

MRTV-4 ဆရာတော် အဖြစ် ထင်ရှားခဲ့သူ ဦးရွှေဝါထွန်းပျောက်ဆုံးနေမှုကို စုံစမ်းပေးရန် သမ္မတရုံး၊ CID မှုခင်းရဲတပ်ဖွဲ့၊ ရဲချုပ်တို့ကို စာပို့ တိုင်ကြားထားကြောင်း ၎င်း၏ ဇနီးဖြစ်သည်ဟုဆိုသူ မဂျူးမျက်ချယ်က မတ်လ ၄ ရက်နေ့တွင် ပြောသည်။

ရန်ကုန်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရဲစခန်းတွင် လူပျောက်တိုင်ကြားထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း၊ ဦးရွှေဝါထွန်း အသက်အန္တရာယ်နှင့် ကြုံတွေ့မည်ကို  စိုးရိမ်မိကြောင်း သူက ဆက်ပြောသည်။

မဂျူးမျက်ချယ်သည် MRTV-4 ဆရာတော်၏ ဇနီးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုအပြီး သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲသူရှိသောကြောင့် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသူဖြစ်သည်။

ကိုယ်ဝန် ၆ လ ရှိနေသည့် အသက် ၃ဝ အရွယ် မဂျူးမျက်ချယ်က ပြီးခဲ့သည့် လဆန်းပိုင်းတွင် တရားရုံးသို့ ပထမဆုံးအကြိမ် သွားရောက်အမှုရင်ဆိုင်ခဲ့ရာ တရားရုံးက အာမခံပေးခဲ့သည်။

“အာမခံပေးဖို့ တရားသူကြီးကို လျှောက်တော့ သာသနာညှိုးနွမ်းအောင်လုပ်တဲ့သူမို့လို့ အာမခံ မပေးသင့်ဘူးဆိုပြီး သူတို့က (တရားလိုဘက်က) ပြောတယ်။ ကိုယ်ဝန်နဲ့လည်းဖြစ်တယ်၊ အမှန်တကယ်လည်း ကျန်းမာရေးမကောင်းတာ ဖြစ်တဲ့အတွက် တရားသူကြီးက ပေးလိုက်တာ။ အခုအချိန်ထိတော့ တရားသူကြီးက ပုဒ်မမတပ်ထားရသေးဘူး”  ဟု မဂျူးမျက်ချယ်က Myanmar Now ကို ပြောသည်။

မတ်လ ၆ ရက်နေ့တွင် အမှုကို ဆက်လက် ကြားနာမည်ဟု သိရသည်။

MRTV-4 ဆရာတော်ဟောင်း အရှင်ကဉ္စနောဘာသ ခေါ် ဦးရွှေဝါထွန်း နှင့် ၎င်းသည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် အွန်လိုင်းလူမှုကွန်ရက်တွင် စတင်သိကျွမ်းခဲ့သည်ဟု ဆိုသည်။

မဂျူးမျက်ချယ် ရင်ဆိုင်နေရသည့် ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ငွေဒဏ် အနိမ့်ဆုံးချမှတ်နိုင်ပြီး ထောင်ဒဏ် ၂ နှစ်အထိ အများဆုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

မဂျူးမျက်ချယ်သည် ဆရာတော်၏ ဇနီးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ရုပ်သံဖိုင် အွန်လိုင်းလူမှုကွန်ရက်တွင် ပေါ်ပေါက်လာရာ ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး အမျိုးသားရေးလှုပ်ရှားသူဟုဆိုသည့် ဦးသက်မျိုးဦးက ၎င်းတို့နှစ်ဦးလုံးကို သာသနာညှိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် ဇန်နဝါရီလတွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

ဦးသက်မျိုးဦးသည် ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကြောင့် ထောင်ဒဏ် ၇ လ ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ 

Show More

Related Articles

Back to top button