(ဘလော့ ဆောင်းပါးတို)
ပွဲတော်အများအပြားရှိသော မြန်မာနိုင်ငံတွင် ယခင်က စိတ်မကူးခဲ့ကြသည့် ပွဲတော်တစ်ခုကို မြို့ကြီးများတွင် ကျင်းပလျက်ရှိသည်။ ထိုပွဲမှာ ဝိုင်းဖွဲ့ပြီး ကြက်ကြော် စားသုံးသည့်ပွဲ ဖြစ်သည်။
ရန်ကုန်တွင်လည်း သြဂုတ် ၆ ရက်နေ့က “တူယှဉ်နွဲပျော် ကြက်ဥ ကြက်သားစားပွဲတော်” ဟု အမည်ပေးထားသော အစီအစဉ်တစ်ခုကို လူစည်ကားသည့် ပြည်သူ့ဥယျာဉ်တွင် ပြုလုပ်ခဲ့သည်။
ဤပွဲတော်သည် အမေရိကန် ဘတ်ဖဲလိုးမြို့ရှိ ဆယ်မိနစ်ကျော်အတွင်း ကြက်တောင်ပံ ၂ဝဝ ဝန်းကျင် ကုန်အောင် စားပြနိုင်သည့် အစားချန်ပီယံမျိုး မွေးထုတ်ပေးရာ ဘတ်ဖဲလိုးကြက်ကြော် အစားပြိုင်ပွဲများကဲ့သို့ အဝအပြဲ စားသောက်ကြခြင်း မဟုတ်စေကာမူ ပွဲတော်သို့ တက်ရောက်လာသော၊ လမ်းကြုံသဖြင့် ဝင်ရောက်အားပေးသော ပရိသတ်တို့ အဆာပြေ၊ ဗိုက်ပြည့်သွားအောင် စွမ်းဆောင်နိုင်ပေသည်။
နိုင်ငံတွင်း ဒေသအများအပြားတွင် ရာသီတုပ်ကွေးကြောင့် ဆေးရုံတက် ကုသမှုခံယူရသူ များပြားနေပြီး၊ ကုသမှု ခံယူသူများထဲမှ ၄ ရာခိုင်နှုန်းခန့် သေဆုံးသွားခြင်း၊ ထားဝယ်ဒေသတွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး H5N1 တွေ့ရှိခြင်းတို့ကြောင့် ကြက်သား၊ ကြက်ဥတို့ အရောင်းကျလျက်ရှိချိန်တွင် ဤပွဲတော် ပေါ်လာခြင်း ဖြစ်သည်။
အစိုးရအရာရှိများကိုယ်တိုင် စားသုံးပြသော ဤပွဲတော်များကြောင့် ကြက်သား၊ ကြက်ဥ ဈေးကွက် ပြန်လည် ကောင်းမွန်လာမည်ကို မွေးမြူရေးလုပ်ငန်းရှင်တို့က မျှော်လင့်နေကြသည်။
စားသုံးသူများကို ကြက်သား၊ ကြက်ဥဘက်သို့ ပြန်လည်မျက်နှာမူရေး ရည်ရွယ်ချက် ပါဝင်သော ကြက်ကြော်ပွဲတော်ကို မိုးရိပ်ဆင်နေသည့် ရန်ကုန်နံနက်ခင်းတွင် ပြုလုပ်ရာ ပွဲတော်ကို ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (ဗဟို)၊ အသားတိုးကြက်မွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူတို့လည်း ဝင်ရောက် သုံးဆောင်ကြသည်ကို တွေ့ရသည်။
လတ်တလော ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါပိုးသည် “ကြက်ငှက် တုပ်ကွေး ရောဂါပိုးနှင့် မျိုးရိုးဗီဇပေါင်းစပ်မှု မရှိကြောင်း” စမ်းသပ်တွေ့ရှိရသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ သတင်းထုတ်ပြန်ထားသည်မှာ ၂၄ နာရီ ကျော်လာသော်လည်း ကြက်သား၊ ကြက်ဥတို့က မြို့ပြဒေသ၏ အရောင်းထိုင်း စားသောက်ကုန်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။