ရန်ကုန် – ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်မှုဖြစ်စဉ် သတင်းမှန်ရရှိရေးအတွက် ထိုဒေသသို့ စာနယ်ဇင်းသမားများ လွတ်လပ်စွာ သွားရောက်ခွင့် ပေးရန်၊ သတင်းသွားယူသူများ၏ လုံခြုံရေးကိုလည်း တာဝန်ယူဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၂ဝဝ ကျော်က သြဂုတ် ၂၈ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။
ယခုရေးသားနေကြသည့်သတင်းများသည် ထုတ်ပြန်ချက်များ၊ လူမှုကွန်ရက်နှင့် အွန်လိုင်းသတင်းများကို အခြေပြုပြီး ရေးသားနေကြခြင်းသာ ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဆွေသဟာအဖွဲ့မှ ဦးဟန်စိုးက ပြောသည်။
“တပ်မတော်နဲ့ အစိုးရဘက်က သတင်းသမားတွေအတွက် လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင် သူတို့ရဲ့လုံခြုံမှုတွေပေးပြီး မျက်မြင်ကိုယ်တွေ့ လွတ်လွတ်လပ်လပ် ရေးနိုင်အောင် သူတို့လုပ်ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။
“စိတ်ဆိုးကြမယ်၊ ငိုကြမယ်။ ဆဲရေး တိုင်းထွာမယ်။ အဲ့ဒီလိုဟာတွေပေါ် ချင့်ချိန်ပြီး သုံးသပ်ပြီး သတင်းရေးနိုင်ဖို့ကျတော့ လွတ်လပ်စွာ သတင်းယူခွင့်ရမှဖြစ်မှာ။ ထုတ်ပြန်တဲ့အပေါ်မှာ အခြေပြုရေးနေရတာက တစ်ဖက်သတင်းလို ဖြစ်နေတယ်။ အဲ့ဒီဟာတွေကလည်း သတင်းအမှန်တော့ မဖြစ်စေဘူး”
အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော ရခိုင်ပြည်နယ်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်ဖွဲ့ (Arakan Rohingya Salvation Army – ARSA) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြသူများ မဟုတ်သည့် ဘင်္ဂါလီများကိုလည်း လူသားချင်း စာနာထောက်ထား ကူညီရန် အစိုးရတွင် တာဝန်ရှိသည်ဟု ဦးဟန်စိုးက ဆိုသည်။
“တကယ်အတိဒုက္ခခံစားရတဲ့ မည်သူ့ကိုမဆို လူသားချင်းစာနာပြီး ကူညီဆောင်မပေးဖို့က အစိုးရဆီမှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲ့ဒီလိုမျိုး လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းတယ်” ဟု သူက ဆက်ဆိုသည်။
လက်နက်ကိုင်ပြီး အကြမ်းဖက်နေသော ဘင်္ဂါလီများ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း၊ ရှုပ်ထွေးခက်ခဲနေသော ယခုအခြေအနေတွင် ပြည်တွင်းပြည်ပမှ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းခြင်း၊ နားလည်မှုလွဲမှားပြီး သွေးဆူအုံကြွစေနိုင်သော သတင်းများ ထုတ်လွှင့်ဖြန့်ဝေကာ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းခြင်းများကိုလည်း ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဋိပက္ခဖြေရှင်းရာတွင် ဒေသခံလူမှုအသိုင်းအဝိုင်းများ ပါဝင်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်မှု အားနည်းစေသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ၎င်းတို့၏ ကိုယ်စားပြုမှုနှင့် အသိအမှတ်ပြုမှုကို အာမခံရန်လည်း တောင်းဆိုထားသည်။
အစိုးရပြန်ကြားရေးဌာနနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ ပါဝင်သော ၁၈ ဦးအဖွဲ့သည် မောင်တောဒေသတွင် ၃ ရက်ကြာ သတင်းယူရန် ရန်ကုန်မှ ထွက်ခွာသွားကြောင်း အစိုးရသတင်းစာများတွင် သြဂုတ် ၃ဝ ရက်နေ့က ရေးသားထားသည်။