သတင်း

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတို့ကို စိစစ်ပြီးမှ ပြန်ခေါ်မည်ဟု အစိုးရပြော

နေပြည်တော် – ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများကို ရခိုင်ဒေသ နယ်မြေတည်ငြိမ်သွားသည့် အချိန်တွင် စိစစ်ပြီး ပြန်လည် လက်ခံမည်ဟု အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက စက်တင်ဘာ ၆ ရက်နေ့တွင် ပြောလိုက်သည်။

နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနရုံးတွင် ကျင်းပသော ရခိုင်ပြည်နယ်ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့အဖွဲ့တွေ ရှိခဲ့ပါတယ်။ မိမိတို့လည်း ပြန်ခေါ်ခဲ့ဖူးပါတယ်။ မိမိတို့နိုင်ငံသားဖြစ်တယ်၊ ဒီဘက်မှာ ဘယ်နှနှစ်နေထိုင်ခဲ့ဖူးတယ်ဆိုတာ စိစစ်ပါတယ်။ အဲ့ဒီဟာ မှန်ကန်တယ်ဆိုရင် ပြန်ခေါ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်၊ အဲ့ဒီအတိုင်း လုပ်ဖို့ရှိပါတယ်။ ပြန်ခေါ်ဖို့မှာလည်း မြန်မာနိုင်ငံသားဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုရင် ပြန်ခေါ်ဖို့ တကယ့်တကယ်မှာ အခက်အခဲအများကြီးရှိပါတယ်” ဟု သူက ဆိုသည်။

မောင်တောဖြစ်စဉ်တွင် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဌာနအသီးသီးက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သင့်သည်များကို စည်းဝေးတိုင်ပင်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသတွင် ပုန်းအောင်းနေသူများ၊ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူများထဲတွင် အကြမ်းဖက်သမား ပါဝင်ခြင်းရှိမရှိ စုံစမ်းနေကြောင်း သူက ရှင်းပြသည်။

ဤအတောအတွင်း နိုင်ငံတကာရှိ သတင်းဌာနများနှင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအမှား၊ သတင်းဓာတ်ပုံအတုအယောင် အများအပြား ဖြန့်ဝေနေခြင်း ရှိနေကြောင်း၊ မိမိတို့သည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ခံရသူများဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကူညီကယ်ဆယ်ရေး

သတင်းစာရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ဒေသတွင်း အခြေအနေများကို ရှင်းပြသည်။

ပြည်သူများအနေဖြင့် ဒေသကို စွန့်ခွာခြင်း မပြုဘဲ ဘေးကင်းလုံခြုံစွာ နေထိုင်လိုကြသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်သေးဟု ရခိုင်ဒေသ နှစ်ဖက်လူမှုအသိုင်းအဝိုင်းက ပြောဆိုကြကြောင်း၊ ပဋိပက္ခဖြစ်စဉ်ကြောင့် မိသားစုဝင်များ ကွဲကွာသွားကြပြီး အစိုးရဝန်ထမ်းအများအပြားကလည်း ထိုနေရာမှ ထွက်ခွာလိုသည်ဟု တင်ပြကြကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။

“လူသားချင်း စာနာထောက်ထားမှု သဘောသဘာဝအတိုင်း၊ မူဝါဒတွေ ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ခြံစည်းရိုး ကာရံခြင်း

အစိုးရသတင်းစာရှင်းလင်းပွဲ လုပ်သည့်နေ့တွင်ပင် သမ္မတ ဦးထင်ကျော်အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ၊ တပ်မတော်ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများအကြောင်း ၂ နာရီကြာ ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် “ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံး ကာရံခြင်းတို့ကို ချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်း ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း” ဆွေးနွေးကြသည်ဟု ဆိုသည်။

Show More

Related Articles

Back to top button