ရန်ကုန် (Myanmar Now) – လူမျိုးရေးအမုန်းတရားများ အော်ဟစ်ဆဲဆိုပြီး ဓားကိုင်ရမ်းကားခဲ့သည့် အမျိုးသားတစ်ဦးကို ရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်သာ ဖမ်းဆီးအမှုဖွင့်ခြင်းအပေါ် မကျေနပ်သည့် မန္တလေးမြို့ခံ တချို့က ၂၃ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈နာရီခန့်က မန္တလေးတိုင်းမြို့ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်အော်ဟစ်ဆဲဆိုပြီး ဓားကိုင်ရမ်းကားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။
ရမ်းကားသူမှာ မန္တလေးမြို့ ၃၅လမ်း၊ ၈၅လမ်းနှင့်၈၆လမ်းကြားတွင်နေထိုင်သူ ဦးကျော်ကိုကို ဆိုသူဖြစ်ပြီး လက်နက်ကိုင်ဆောင်မှု ၁၉(င) ဖြင့် အမှုဖွင့်ပြီး မန္တလေးအကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း အောင်ပင်လယ်ရဲစခန်းမှ ရဲအုပ် ခင်ဇော်က ပြောသည်။
တရားရုံးဆင့်ခေါ်မှု
ဓားကိုင်ရမ်းကားသူ၏ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်စေရန် အော်ဟစ်ဆဲဆိုနေသည် အပေါ်၎င်းတို့တွင် သက်သေအထောက်များရှိကြောင်း မှုခင်းကြိုတင်ကာကွယ်ရေးအဖွဲ့တည်ထောင်သူ မန္တလေးမြို့ခံ ဦးသန်းထွန်းလေးက ပြောသည်။
ဦးကျော်ကိုကိုမှာ ပြီးခဲ့သည့်လက အစိုးရပြုတ်ကျရေး ဆန္ဒပြပွဲများတွင် ပါဝင်နေသည့် မျိုးချစ် အဖွဲ့များနှင့် ဆက်စပ်နေပြီး ယခုလုပ်ရပ်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ၎င်းကပြောသည်။
၁၉ ရက်နေ့တွင် မန္တလေးမြို့ ချမ်းမြသာစည် တရားရုံးက ဦးသန်းထွန်းလေးကို သက်သေခံ ထွက်ဆိုပေးရန် ဆင့်ခေါ်ခဲ့သော်လည်း တရားခံဘက်က ရှေ့နေပါဝါလွှဲရန်နောက်ကျသဖြင့် ၂၅ ရက် သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။
ထိုနေ့ညက သတင်းကြားသဖြင့် ထိုနေရာသို့သွားရောက်ခဲ့သည့် မှုခင်းကြိုတင်ကာကွယ်ရေး အဖွဲ့တစ်ဦးဖြစ်သူ ဦးအောင်ကိုဝင်းက ဓားဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ပြောသည်။
“ကျွန်တော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး အကြောင်းကြားနေတုန်းမှာ သူကပြေးလာပြီးတော့ ကျွန်တော့်လက်ကို ရိုက်ချလိုက်ပြီး ဓားနဲ့ထိုးပါတယ်။ ကျွန်တော်က ရှောင်လိုက်တော့ အင်္ကျီ အိပ်ကပ်ကို ထိသွားတယ်” ဟု ဓားကိုင်ရမ်းကားသူကို လက်ရဖမ်းဆီးခဲ့သူ ဦးအောင်ကိုဝင်းက ပြောသည်။
၎င်းရောက်ရှိသွားချိန်တွင် ထိုအမျိုးသားက “ဟိုဘက်မှာ ကုလားတွေက သတ်နေကြပြီ၊ မင်းတို့ ဗမာတွေက ဒီမှာ ဘာလုပ်နေကြတာလဲ” ဟု အော်ဟစ်ဆဲဆိုနေပြီး ဓားကိုင်ပြီး လမ်းသွားလမ်းလာများကို ရန်ပြုနေသည်ဟု ဆိုသည်။
ရမ်းကားသူက သူ့ကိုဓားဖြင့် ထပ်မံရန်ပြုရန် ကြိုးစားချိန်တွင် အတင်းဝင်လုံး၍ ဖမ်းဆီးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့ လှုံ့ဆော်မှုများ
စက်တင်ဘာလ ၁၂ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်တောင်ရပ်ကွက်ရှိ လမ်းများတွင် မီးရထားဝန်ထမ်းတစ်ဦးက ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားစေနိုင်သည့် အော်ဟစ်ဆဲဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲထံ အပ်နှံခဲ့သည်။
စက်တင်ဘာလ ၁၀ရက်နေ့ ညပိုင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ကမ်းနား အလယ်ရပ်ကွက်တွင် ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူတချို့က အဓိကရုဏ်း ဖြစ်စေနိုင်သည့် စာရွက်များ ဝေငှခဲ့သည်။