
ရခိုင်ပြည်နယ်၊ မောင်တောဒေသ မတည်ငြိမ်မှုသည် စီးပွားရေး မဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့နှင့်လည်း ဆက်စပ်နေသည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။
ဦးအောင်မြင့်သိန်းသည် မောင်တောမြို့အနီး ကညင်ချောင်းတွင် ဆောက်လုပ်နေသည့် မောင်တောစီးပွားရေးဇုန်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သည်။
မကြာသေးခင်က မောင်တောတွင် တွေ့ဆုံမေးမြန်းစဉ် ဦးအောင်မြင့်သိန်းက ဒေသတွင်း အခြေအနေများကို သုံးသပ်ပြခဲ့သည်။
မေး။ ။ မောင်တောမှာ လုပ်ကိုင်နေတဲ့ ကညင်ချောင်း စီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ ကုန်သွယ်ရေးဇုန်ဟာ မောင်တောမြို့နယ်အတွက်လုပ်တာ၊ မောင်တောခရိုင်အတွက်လုပ်တာ မဟုတ်ပါ။ ရခိုင်ပြည်နယ်အတွက် လုပ်တာလည်းမဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်တာပါ။ အဲဒီအပြင် ယိုးဒယားတို့ တရုတ်တို့နဲ့ ကုန်သွယ်မှုတွေ ပါလာမှာပါ။ အရှေ့အာရှဒေသတစ်ခုလုံးနဲ့ ပတ်သက်ပြီး ပစ္စည်းတွေတင်ပို့နိုင်အောင်၊ တင်သွင်းနိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်တာပါ။ မြန်မာတစ်နိုင်ငံလုံးက လာတဲ့ ပစ္စည်းတွေ အနောက်ဘက်ကို ပို့ဖို့အတွက် ရေစီးကြောင်းအပေါ်မှာ မောင်တောဆိုတဲ့နေရာ ဖြစ်နေတဲ့အတွက် တည်ဆောက်ဆဲကာလမှာပဲ ပြည်ပကလာတဲ့ အတတ်ပညာရှင်၊ အသိပညာရှင်တွေလာတဲ့အခါမှာ နည်းပညာတွေ ရမယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်။ ပြည်မဘက်ကလူတွေ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံရင်လည်း၊ ကုန်သည်တွေက ဒီမှာ အခြေစိုက်ပြီးတော့ လုပ်လာခဲ့ရင် ဒီနေရာမှာ ကြိုပြီးတော့ ရောက်နေတဲ့ တိုင်းရင်းသားတွေ လုပ်ပိုင်ခွင့်တွေရတဲ့သဘောပါ။ မောင်တောဆိုတဲ့ ကဏ္ဍလေးတစ်ခုကို ကွက်ပြီးတော့ မကြည့်ဘဲနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ဖို့လိုပါတယ်။
မေး။ ။ ဒီလို တည်ငြိမ်မှု မရှိတဲ့ မောင်တောဒေသမှာ စီးပွားရေးဇုန်လုပ်တာဟာ ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ ရေရှည်ကို ကြည့်မယ်ဆိုရင်တော့ တစ်ဖက်မှာ သန်း၁၆ဝလောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိတယ်။ ဒီဘက်မှာတော့ သန်း၅ဝကျော်ရှိတဲ့ မြန်မာနိုင်ငံ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဧရိယာ အကျယ်အဝန်းအားဖြင့်ဆိုရင် ရှမ်းပြည်သာသာလောက်ပဲရှိပါတယ်။ မြန်မာပြည်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် သုံးဆငယ်နေပါတယ်။ လူဦးရေ အရတော့ သုံးဆများနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အဓိက မွေးမြူဖို့နေရာ၊ စိုက်ပျိုးဖို့မြေနေရာ မရှိဘူး။ ဒါကြောင့်သူတို့က အခြေခံအားဖြင့်ဆိုရင် အမြဲတမ်း စားသောက်ကုန်မှာ ဝယ်လိုအားနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနိုင်ငံကို အခုအခါမှာ အိန္ဒိယက တော်တော်လေး လွှမ်းမိုးထားပါတယ်။ ဒါကို ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် စီးပွားရေးလိုမျိုး နယ်စပ်ကုန်သွယ်ရေးကို မောင်တောချောင်းပေါက်လေးကနေ လုပ်နေတာထက် သင်္ဘောကြီးတွေ အဝင်အထွက်လုပ်နိုင်တဲ့၊ ကျယ်ပြန့်တဲ့ ရေနက်လည်းဖြစ်နေတဲ့၊ ကညင်ချောင်းဟာဆိုရင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စဉ်းစားမယ်ဆိုရင် မည်သည့်အခါပဲဖြစ်ဖြစ် အမြဲတမ်း ကျွန်တော်တို့က သူတို့ နိုင်ငံကို လွှမ်းမိုးနိုင်မှာဖြစ်ပါတယ်။
မေး။ ။ ကညင်ချောင်း စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ ပထမဆုံးစတင်လိုက်တာကတော့ ၄၉.၆ဧကနဲ့ စတင်ခဲ့တာပါ။ အခုဖြစ်စဉ်တွေ မဖြစ်ခင်မှာ နိုင်ငံတော်ရဲ့ အကြီးအကဲတွေက စိတ်ဝင်စားပြီးတော့ ကညင်ချောင်း ကုန်သွယ်ရေးဇုန် မဟုတ်တော့ဘဲ၊ ကုန်သွယ်ရေးစီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်ပြီးတော့ နောက်ထပ် ဧက ၁ဝဝ တိုးပြီးတော့ လုပ်မယ့် အစီအစဉ်တွေလည်း အခု ပြည်နယ်အစိုးရဘက်ကနေပြီး မူဝါဒလေးတွေ ရေးဆွဲနေပါတယ်။
လုပ်မယ့် ကုမ္ပဏီနဲ့ စာချုပ်ကို ရှေ့လ အလယ်လောက်မှာ ချုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ မတည်ရင်းနှီးငွေက ပြည်နယ်အစိုးရလည်း ပါတဲ့အတွက် သူ့ဘတ်ဂျက်နှစ်အလိုက် ပိုက်ဆံက သုံးမယ်။ လောလောဆယ်မှာတော့ ပြည်နယ်အစိုးရရော ကျွန်တော်တို့ရော ပေါင်းပြီးတော့ သိန်းပေါင်း ငါးသောင်း ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်နယ်အစိုးရဘက်က ၆၅ရာခိုင်နှုန်း၊ ကျွန်တော်တို့ဘက်က ၃၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ အများပိုင်ကုမ္ပဏီပုံစံမျိုး မဟုတ်ပါဘူး။ နတ်မြစ် ဂလက်စီကုမ္ပဏီ (Nat River Glaxy Company) အစုအဖွဲ့ကနေပြီးတော့ လုပ်မှာပါ။ နတ်မြစ်ဂလက်စီ ဆိုတာက ကုမ္ပဏီ အစုအဖွဲ့ပိုင်ကုမ္ပဏီပါ။ တိုင်းရင်းသားကုမ္ပဏီ ၆ခုနဲ့ ဖွဲ့စည်းထားပါတယ်။ မောင်တောဒေသခံ ကုမ္ပဏီ ၃ခုနဲ့ ပြင်ပ ကုမ္ပဏီ၃ခု တို့ ပါဝင်ပါတယ်။ ခင်အေးမြတ်ဖြူကုမ္ပဏီ၊ ဥက္ကာစွဲကုမ္ပဏီ၊ Family Asian ကုမ္ပဏီတို့ ဘူးသီးတောင်၊ မောင်တောဘက်က ပါဝင် ရင်းနှီးမြှုပ်နှံပါမယ်။ ပြင်ပကတော့ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီးတော့မှ ဆန်ခါတင် ရွေးချယ်မှာဖြစ်ပါတယ်။
မေး။ ။ ဒေသတွင်း တည်ငြိမ်မှုမရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာနိုင်ပါ့မလား။
ဖြေ။ ။ အကုန်လုံးတည်ငြိမ်မှ ဒါကို ဆောက်မယ်ဆိုရင်တော့ အများကြီး နောက်ကျသွားပါလိမ့်မယ်။ လုံခြုံရေးအပိုင်းတာဝန်ရှိတဲ့သူတွေကတော့ လုံခြုံရေးအပိုင်းကို ဆောင်ရွက်ပါလိမ့်မယ်။ အစိုးရပိုင်းက တာဝန်ရှိသူတွေက အစိုးရပိုင်းကိစ္စတွေကို လုပ်ပါလိမ့်မယ်။ ကျွန်တော်တို့ စီးပွားရေးသမားတွေကတော့ စောင့်နေမှာမဟုတ်ပါဘူး၊ အတိုင်းအတာ တစ်ခုထိ တည်ငြိမ်ပြီဆိုတာနဲ့ စပြီးတော့ လုပ်တော့မှာပါ။ အစိုးရအနေနဲ့ကတော့လည်း မောင်တောကို ဒီအတိုင်းထားမှာမဟုတ်ပါဘူး၊ တည်ငြိမ်အောင်လုပ်မှာပဲ။ ကျွန်တော်တို့ ဒီဘက်ကလည်း စီးပွားရေးအရ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ်။ အကြမ်းဖက်သမားတွေကလည်း အလုပ်လက်မဲ့တွေကိုပဲ စည်းရုံးလို့ရတယ်လို့ ထင်ပါတယ်။ အလုပ်အကိုင်ရှိတဲ့လူကိုတော့ စည်းရုံးလို့မရပါဘူး။ စီးပွားရေးအတွက်လည်း တည်ငြိမ်မှုရှိရမယ်။ တည်ငြိမ်မှုကလည်း စီးပွားရေးကို အထောက်အပံ့ဖြစ်စေမယ် ဆိုတဲ့ သဘောပါပဲ။
မေး။ ။ ဘယ်လို ကုန်ပစ္စည်းတွေကို အဓိက ကုန်သွယ်ဖြစ်မယ် ထင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ အခြေခံစားသောက်ကုန်တွေပါပဲ။ သူတို့ဘက်ကတော့ အဲဒါတွေကို အဓိကလိုတယ်။ ကျန်တာတွေက အထည်တို့ ဆေးပစ္စည်းတို့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လူဦးရေ သန်း ၁,၅ဝဝ လောက်ရှိတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှိတယ်။ သူက ပေါချောင်ကောင်းပစ္စည်းတွေ လုပ်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုက်တဲ့ ပစ္စည်းမျိုးတွေ ဖြစ်ပါတယ်။ ရှန်ဟိုင်းကနေ သွားနေတာထက်စာရင် ဒီလမ်းကသာမယ်ဆိုရင် ဒီဘက်ကနေဖြတ်မယ်ဆိုပြီးတော့ ရည်ရွယ်ထားပါတယ်။
မေး။ ။ မောင်တောဒေသဖွံ့ဖြိုးရေးစီမံကိန်းထဲမှာ ကညင်ချောင်း စီးပွားရေးဇုန် ပါနေသလား။
ဖြေ။ ။ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်၊ မောင်တောကတော့ ကုန်သွယ်ရေးဇုန်ကို အခြေခံတဲ့ စီးပွားရေးဇုန်ဆိုပြီး အဲဒီသုံးခုကို ပြည်နယ်အစိုးရက လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာကတော့ ကညင်ချောင်း စီးပွားရေးဇုန်ကတော့ ရှေ့ကိုရောက်နေတာပေါ့။ တည်ဆောက်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နေတာပေါ့။ ဒီMaster Plan ထဲမှာ ပါဝင်မှုရှိမရှိတော့ ကျွန်တော် မသိရပါဘူး။ အရင်တုန်းကတော့ အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေ လာကြည့်ဖို့ထဲမှာ ကညင်ချောင်းဇုန်ပါပါတယ်။ ရာသီဥတု ဆိုးရွားတဲ့အတွက် မကြည့်ဖြစ်လိုက်ကြပါဘူး။
မေး။ ။ မောင်တောဒေသ ပဋိပက္ခက ဘယ်အချက်တွေပေါ်အခြေခံပြီး ဖြစ်ပေါ်တယ်လို့ စီးပွားရေးသမားတစ်ဦးအနေနဲ့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ဒီအကြမ်းဖက်မှု ဖြစ်စဉ်မှာ မရွေ့မပြောင်းတဲ့ ရွာတွေ အများကြီးရှိနေပါတယ်။ ၅ဝ ရာခိုင်နှုန်းလောက်က ဒီအတိုင်းပဲ ရှိနေပါတယ်။ ဒီ၅ဝရာခိုင်နှုန်းကို လေ့လာကြည့်တဲ့အခါမှာ ဒီလူတွေဟာ စီးပွားရေး တောင့်တင်းကြတယ်။ အိုးပိုင်၊ လယ်ပိုင် ရှိနေကြတယ်။ အကြမ်းဖက်တွေကလည်း စည်းရုံးဖို့ မလွယ်ဘူး၊ ဒါကြောင့် ဒီနေရာမှာ သူတို့ တည်တံ့နေတယ်လို့ ထင်ပါတယ်။ မပြေးကြတဲ့ လူတွေကတော့ ကိုယ့်စီးပွားနဲ့ကိုယ် အဆင်ပြေနေကြတဲ့ လူတွေလို့ ကျွန်တော် ထင်ပါတယ်။ ။