သတင်း

ရဲကား တိုက်ခိုက်ခံရသဖြင့် စစ်တပ်က ပြန်ပစ်စဉ် ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကင်းလှည့်ရဲကားတစ်စီးနှင့် စခန်းကုန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်စဉ် ကလေးတစ်ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယခုလ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့က ရဲကားကို တိုက်ခိုက်ပြီးနောက် အနီးရှိ စစ်ကောင်စီစခန်းကိုပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ် လုံးခင်းရွာအနီးရှိ မျောက်ကုန်းအမည်ရ စခန်းကုန်းမှာ စစ်တပ်နှင့် ရဲများ နေရာယူထားသည့် နေရာဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“(ရဲကား) ကင်းပတ်ပြီး ပြန်လာတာ။ အဲဒါကို ဒီဘက် (KIA/PDF) ကနေ သွားစောင့်ပြီး ပစ်ကြတာ။ စခန်းနား အဝင်နားမှာပေါ့ ။ လုံးခင်းတံတားအကျော် ရွာပြင်လို နေရာမှာပေါ့။ အဲဒီမှာ သွားချတာ”

ထိုသို့တိုက်ခိုက်ခံရစဉ် စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရာ အနီးဝန်းကျင်၌ ဖြတ်သန်းသွားလာနေသည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍​ အသေးစိတ်အခြေအနေ မသိရသည့်နည်းတူ သေဆုံးသူ ၆ ဦးအကြောင်းကိုလည်း မသိရပေ။ KIA/PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲ ၃ ဦး သေဆုံးသည်ဟု ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။​

မတ် ၁၈ ရက်က ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိပေ။

“ကျွန်တော့်အသိရဲ့ တူမတွေပေါ့။ အဲဒီနားမှာရှိတာ သူတို့ကားလည်း ပစ်ဖောက်ခံရတယ်၊ လန်ခရူဆာကား။ ၆ နာရီလောက်မှာ ဖြစ်တယ်ဆိုတော့။ ပြီးတော့ ဗုံးခိုကျင်းထဲမှာ နေတဲ့ဟာကိုလည်း ပစ်သတ်သွားတယ် ပြောတယ်” ဟု အသက် ၃၀ ကျော်အရွယ် လုံးခင်းဒေသခံ​ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသွားသော  အမျိုးသမီး ၁ ဦးနှင့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-KNG)

စစ်တပ်က အနီးဝန်းကျင်တစ်ဝိုက်ကို ပြန်လည်ပစ်ခတ်စဉ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံတွင် ကုသမှုခံယူနေရသည်။

Myanmar Now က ရရှိထားသော ဓာတ်ပုံများအရ ဆေးရုံရောက် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦး အပါအဝင် လူနာတင်​ယာဉ်ဖြင့် သယ်ဆောင်လာသည့် ရုပ်အလောင်းများ တွေ့ရှိရသည်။​

တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် စစ်တပ်က မျောက်ကုန်းစခန်းတစ်ဝိုက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့သည့်နည်းတူ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်တချို့တွင်လည်း နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးသည်ဟု သိရသည်။

စခန်းကုန်း တိုက်ခိုက်ခံရသည့် မျောက်ကုန်းအနီး အဝေးပြေးကားဝင်းဘေးမှ လူနေအိမ်များကို စစ်တပ်က ကြိုတင်အသိပေးခြင်း မရှိဘဲ ဘူဒိုဇာများဖြင့် ထိုးဖျက်ခဲ့ရာ အိမ်အလုံး ၃၀ ခန့် ပျက်စီးသည်ဟု ဆိုသည်။

“အဲဒီနားမှာ ပိတ်ပြီးတော့ကို လုပ်နေတာ။ ပြိုတဲ့အိမ် ပြိုသွားပြီး ကျန်တဲ့သူတွေလည်း ပစ္စည်းတွေ ကမန်းကတမ်း ရွှေ့နေရတယ်” ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အင်အားအလုံးအရင်း ချထားကာ လမ်းသွားလမ်းလာများကို ပိတ်ဆို့စစ်ဆေးသည်ဟုလည်း သိရသည်။

နာမည်ကျော် အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးကတည်းက အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများနှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ကလည်း စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့သည်။

ယခုလ ၅ ရက်က ဖားကန့်မြို့နယ် ဆိုင်းတောင်အရပ်ရှိ စစ်တပ်စခန်းကုန်းကို KIA က လာရောက်တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူ ၁၀ နှစ်ရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ယခု ၁၁ ရက်၌ ဒေသခံများ၊ ကျောက်စိမ်းလုပ်ငန်းရှင်တချို့နှင့် KIA အရာရှိတချို့ အစည်းအဝေးပြုလုပ်နေစဉ် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် လဝက ဒုမြို့နယ်ဦးစီးမှူး ဦးမြင့်လွင်ကို အရပ်ဝတ် သေနတ်သမား ၄ ဦးက ပစ်ခတ်လုပ်ကြံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button