သတင်း

၆ နှစ်သားနှင့် လူကြီး ၂ ဦးကို ပစ်သတ်မိဟု တော်လှန်ရေးသမားတစ်ဦးဝန်ခံ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းပေါ်တွင် မတ် ၇ ရက်နေ့ ညပိုင်းက အရပ်ဘက်မော်တော်ယာဉ်ကို မှားယွင်း ပစ်ခတ်မိသဖြင့် လူကြီးနှစ်ဦးနှင့် ၆ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိသေဆုံးသွားသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့က ဝန်ခံသည်။

ထိုနေ့ည ၁၀ နာရီခန့်က စစ်ကားတစ်စီးကို စောင့်ဆိုင်း တိုက်ခိုက်စဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ပစ်ခတ်ခဲ့သည့် တော်လှန်ရေးအဖွဲ့မှ ဒဿဟု အမည်ဝှက်ပေးထားသည့် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“စစ်တပ်ကားနဲ့ ကပ်ပြီး ပါလာတော့ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို တစ်ဖွဲ့တည်း ထင်ပြီး ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ သူတို့ကို မတော်တဆ ထိသွားတာ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့က တမင်ရည်ရွယ်ပြီးလုပ်တာ မရှိပါဘူးဗျာ။ သာမန်ပြည်သူကိုဆိုရင် ပုရွက်ဆိတ်တောင် အကိုက်မခံစေချင်ဘူး”

ထိုတိုက်ခိုက်မှုကို မြင်းခြံ၊ နွားထိုးကြီး ဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့ ပူးပေါင်းလုပ်ဆောင်သည်ဟု ထိုသူ့ထံမှ သိရသည်။ သူ၏အဖွဲ့နှင့် အခြားအဖွဲ့များ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

ထို့ပြင် ၎င်းတို့၏ မူလပစ်မှတ်ဖြစ်သော စစ်တပ်မော်တော်ယာဉ်ကို တိုက်ခိုက်နိုင်ခဲ့ခြင်း ရှိမရှိကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဖြစ်စဉ်တွင် လူကိုးဦး လိုက်ပါလာသည့် Toyota Passo ကားအတွင်း သေဆုံးသူတို့မှာ မောင်ရွှေဘုန်းသစ်၊ ဦးသန်းထိုက်မျိုး၊ ဒေါ်ငြိမ်းသန္တာသင်းတို့ ဖြစ်သည်၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ မတ် ၉ ရက်နေ့ထုတ် သတင်းစာများတွင် ညောင်ပင်သာရွာအနီးတွင် ၇ ရက်နေ့က မိုင်းကွဲ၊ လက်နက်ငယ်များဖြင့် ပစ်ခံရ၍ အရပ်သားအချို့ သေသည်ဟု ဖော်ပြသည်၊ စစ်ကားတိုက်ခိုက်ခံရမှုရှိမရှိ ဖော်ပြမထားပေ။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခံနေရချိန်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ထိုအထဲတွင် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်းမှ ဒေသများလည်း အပါအဝင်ဖြစ်သည်။ ထိုဒေသတွင်းရှိ လမ်းများပေါ်တွင် သွားလာနေသည့် စစ်ကြောင်းများကို တော်လှန်ရေးအဖွဲ့တို့က မကြာခဏ မိုင်းဆွဲ၊ ချုံခို တိုက်ခိုက်နေကြသည်။

လက်ရှိတွင် စစ်ကောင်စီက မြင်းခြံ-နွားထိုးကြီး ဒေသအတွင်း ကားလမ်းများကို ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ မြင်းခြံမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး နှစ်ယောက်မစီးရန်၊ ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် လိုက်လံကြေညာနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များကလည်း ညအချိန်မတော် အပြင်မထွက်ရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခပ်ဝေးဝေး နေထိုင်သွားလာရန် အများပြည်သူကို နှိုးဆော်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button