
ယနေ့မနက် ရှမ်းမြည်မြောက်ပိုင်း မူဆယ်မြို.တွင် တအာင်းလွတ်မြောက်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(TNLA) က အစိုးရရဲကင်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲငယ်များ ၃ နာရီခန့်ဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် လူပေါင်း ၁၉ ဦးသေဆုံး၍၊ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
နိုင်ငံတော်သမ္မတရုံး မှပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားချက်အရ သေဆုံးသူ ၁၉ ဦးတွင် မူဆယ်ရဲတပ်ဖွဲ.မှ ဒုရဲအုပ်ဇော်ရဲနိုင်အပါအဝင် မြန်မာတပ်မတော်နှင့် ပူးတွဲ လှုပ်ရှားနေသော ဒေသခံပြည်သူ့စစ်အဖွဲ. မှ ၃ ဦး သေဆုံးခဲ့သည်။
မူဆယ်ပြည်သူ့ဆေးရုံသို့ ယနေ့မနက် ၆ နာရီခွဲမှ ၁၁ နာရီအတွင်း အလောင်း ၁၉ လောင်း နှင့် လူနာ ၂၀ ဦးခန့် ရောက်ရှိလာကြောင်း Myanmar Now ကရရှိခဲ့သော ဆေးရုံမှတ်တမ်းများအရ သိရှိရသည်။ သေဆုံးသူများသည် အသက် ၁၆ နှစ်မှ ၆၂ နှစ်ရှိ အမျိုးသားအများစုဖြစ်ကြောင်း ဆေးရုံမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူများအနက် အမျိုးသမီး ၂ ဦးလည်းပါဝင်ပြီး၊ ထို နှစ်ဦးအနက် တစ်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ကြောင်း မူဆယ်လူမှုကရုဏာအသင်းမှ တာဝန်ရှိသူ ဦးသောင်းထွန်းက ပြောကြားသည်။ ၎င်းတို့အဖွဲ.သည် တိုက်ပွဲဖြစ်နေချိန်တွင် ဝင်ရောက်ကယ်ဆယ်ခဲ့သော ပထမဆုံးသော ပရဟိတအသင်းဖြစ်ပြီး၊ ဒဏ်ရာရရရှိသူများအနက် အမျိုးသမီးနှစ်ဦးမှာ အသက်စိုးရိမ်ရသောကြောင့် မူဆယ်တစ်ဖက်ခြမ်းရှိ တရုတ်နိုင်ငံရွှေလီမြို.ရှိ ဆေးရုံတစ်ရုံသို့ ၎င်းတို့အသင်းက အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်။
“သေနတ်ဒဏ်ရာရယ်၊လက်နက်ကြီးကျည်ဆန်ရယ် သေဆုံးသူအများစုက ခေါင်းထိတယ်။ ရင်ဘတ်ထိတယ် အဓိကကတော့ အဲ့ဒါတွေနဲ့ သေကြတာ များတယ်။ ပထမဆုံးသွားကယ်တဲ့ လမ်းပေါ်မှာသွားနေတဲ့ ကားဆရာတစ်ယောက်ကို ကွှန်တော်တို့သွားထုတ်တော့ သေသွားပြီပေါ့။ ကချင်ပါတယ်။ ပလောင်ပါတယ်။ သူတို့လက်မောင်းမှာ အဲ့တံဆိပ်တွေပါတယ်။ နောင်ရမ်းစက်လှေဆိပ်မှာရှိတဲ့ တိုက်ခန်းထဲကို ဝင်ပြေးတယ် ဝင်ပြေးတဲ့အခါမှာ တိုက်ခန်းထဲအထိ ဝင်ပစ်ခံရတယ်ခင်ဗျ။ ကျွန်တော်တို့ သွားကောက်တဲ့အချိန်မှာ ၁၃ ယောက်ကို သွားကောက်တယ်” ဟု ဦးသောင်းထွန်းက ဆိုသည်။
ယနေ့မနက်၅နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲသည် မနက်၈နာရီခန့်တွင် ရပ်စဲသွားသည်ဟု သိရပြီး ဆုတ်ခွာသွားသည့် TNLA အဖွဲ့နောက်သို့ ပြည်သူ့စစ်အဖွဲ.တစ်ဖွဲ. နှင့် တပ်မ၈၈မှ တပ်ရင်းများ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
အင်အား ၁၀၀ ခန့် ရှိသော TNLA အဖွဲ့ သည် မူဆယ်-လမ်းရှိုးလမ်းပေါ်ရှိ ပန်ခမ်းတံတားပေါ်တွင် လုံခြုံရေးယူထားသော ရဲကင်းကို အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ.ဝင် ၁၈ ဦးနဲ့ ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ.နှင့် မြို.မပြည်သူ့စစ်တပ်ဖွဲ.မှ ၁၄ ဦးတို့က တိုက်ခိုက်မှုကို ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။
“ဒီဟာကိုတိုက်တာဟာ ဘာအဓိပ္ဗါယ်လဲ။ တောတွင်းစစ်ဆင်ရေးမရလို့ မြို့တွင်းစစ်ဆင်ရေးလုပ်တယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ရှင်းလင်းချက်ပဲ ဖြစ်တယ်”ဟု ၎င်းကပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီနှစ်များက ပေါ်ထွက်လာသော TNLA သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်များဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်ရှိ တနိုင်း၊ ဖားကန့် နှင့် အခြားနေရာများတွင် KIA တပ်များကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသောကြောင့် မူဆယ်မြို့တွင် ယခုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း TNLA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မြန်မာ့တပ်မတော်က ကျွန်တော်တို့ရဲ့ တောတွင်းတပ်စခန်းတွေကို ပိုက်စိပ်တိုက် လိုက်လံတိုက်ခိုက်နေတာကတစ်ကြောင်း၊ ကျွန်တော်တို့မဟာမိတ် KIA ကိုတိုက်နေတာက တစ်ကြောင်းပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က မြို့တွင်းစစ်ဆင်ရေး ပြန်လည်ပြုလုပ်ရတာဖြစ်တယ်” ဟု TNLA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ဖုန်းဖြင့် ပြောကြားသည်။
တိုက်ခိုက်ရာတွင် မူးယစ်ဆေးဝါးများ ရောင်းချနေသည်ဆိုသော လောင်းကစားရုံတစ်ရုံကိုလည်း အဓိကထားတိုက်ခိုက်ခဲ့ကြောင်း ဦးတာအိုက်ကျော်က ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားသောနေရာတစ်ရာရှိ အဆောက်အအုံတစ်ခုထဲတွင် လဲကျသေဆုံးနေသော အမျိုးသမီးအချို.နှင့် လမ်းမများပေါ်တွင်လည်း မီးလောင်နေသောကားအချို.၊ ကားခေါင်းခန်းတွင်ပင် သေဆုံးနေသောသူများ၏ ရုပ်သံဗီဒီယိုများ၊ဓာတ်ပုံများလည်း အင်တာနက်တွင် ပျံ.နှံ.နေသည်။
တိုက်ပွဲအတွင်း TNLA တစ်ဖွဲ့တည်းသာ ပါဝင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဦးတာအိုက်ကျော်က ပြောဆိုသော်လည်း မူဆယ်မြို.နယ် ရဲတပ်ဖွဲ.နှင့် ဦးဇော်ဌေးကမူ အဆိုပါတိုက်ပွဲအတွင်း TNLA နှင့် အခြားပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ်မြို့ဝင်မြို့ထွက်နှင့် မြို့တွင်းလမ်းတချို့ ပိတ်ထားသည်ဟု သိရပြီး မြို့တွင်းသွားလာမှု အနည်းငယ်တော့ရှိကြောင်း ဒေသခံတချို့က ပြောသည်။
“ကျွန်တော်တို့ကားသမားတွေတော့ မြို့ထဲက ဒီနာရီစင်မှာပဲ လူစုနေကြတယ်။ လမ်းတွေလည်းပိတ်ထားတယ်ဆိုတော့။ လက်ရှိ မူဆယ်မြို့ထဲမှာပဲပေါ့။ မူဆယ်သွားတဲ့ဘက် မန်းဝင်းပေါက်အကျော်သွားတဲ့လမ်းမှာ ဖြစ်တာပေါ့။ မြို့ထဲမှာ သွားသွားလာလာတော့ရှိပါတယ်။ အခုလည်း ပြီးသွားသလောက်ရှိပါပြီ” ဟု မူဆယ်မြို့ဒေသခံ ကားဆရာဦးကိုကြီးက ပြောသည်။
မေလ၈ရက်နေ့က မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် စစ်ရေးဖိအားကြောင့် ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေဟာ မြန်မာတပ်မတော်ရဲ့တာဝန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။