သတင်း

နေပြည်တော်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်လာ

အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် သုံးရက်အတွင်း ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ခဲ့သည်။ ရုံးဌာနများသို့ သွားရာတွင် အချက်အချာကျသည့် လမ်းဆုံလမ်းခွများ၌ ဘန်ကာ၊ ကင်းတဲများ ချကာ လုံခြုံရေးအထူးတင်းကျပ်ထားသည့် ဇဗ္ဗူသီရိမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးမြညိမ်းနေအိမ်တွင် ဖေဖော်ဝါရီ ၂၈ ရက်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် အလွန်ရင်းနှီးသည့် ခရိုနီ၊ လယ်ယာဆည်မြောင်း ညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်၏ Mandalay Paradise စားသောက်ဆိုင်တွင် မတ် ၁ ရက်တွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်ကို Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ယမန်နေ့ (မတ် ၂) ည ၆ နာရီကျော်တွင် ဖြစ်ပွားသည့် သုံးကြိမ်မြောက်ပေါက်ကွဲမှုမှာ နေပြည်တော်ကောင်စီရုံးလမ်းနှင့် အလျင်လိုရွာ လမ်းထောင့်ရှိ သဲအိတ်၊ ကားတာယာများ ချ၊ ခြံစည်းရိုးခတ်၍ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဂိတ်တွင် ဖြစ်သည်။​ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ရဲသတင်းရင်းမြစ်နှင့် ဒေသခံအချို့က ပြောသည်။

မတ်လ ၂ရက် ညဦးပိုင်းက ဗုံးပေါက်ကွဲခဲ့သည့် နေပြည်တော်ကောင်စီလမ်းထောင့်ရှိ လုံခြုံရေးဂိတ်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ရုပ်သံ – ပေးပို့)

ထိုနေရာသည် ဇဗ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အစပ် တဲကြီးကုန်းရွာနှင့် ချိုင်းရွာကြားတွင် ရှိပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နေပြည်တော်မြို့ပတ်လမ်းကို ဆက်သွယ်ထားသည့် လမ်းဆုံဖြစ်သည်။ ရဲလေးငါးဦးခန့် ထိခိုက်၊ သေဆုံးသည်ဟု ဆိုသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

အဆိုပါ လုံခြုံရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ရှိပြီး ရဲကားများလည်း ပုံမှန်ရပ်ထားလေ့ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေး ပိုတင်းကျပ်ထားပြီး အနီးအနားရှိ ဒေသခံများမှာ စွပ်စွဲပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု ၎င်းတို့က ပြောသည်။

“ဗုံးပေါက်တဲ့အသံတော့ အကျယ်ကြီးကြားတယ်။ ဖြတ်သွားတဲ့သူတွေကိုလည်း စစ်ဆေးမေးမြန်းနေတယ်။ ဖမ်းဆီးတာတော့ မကြားမိသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးမြညိမ်းနေအိမ်နှင့် ရဲဂိတ်တိုက်ခိုက်မှုကို နေပြည်တော်အခြေစိုက် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကာ ယင်းအဖွဲ့သည် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေသည့် တော်လှန်ရေးအဖွဲ့များအနက် တစ်ခုဖြစ်သည်။

“(အမျိုးသားညီညွတ်ရေးအစိုးရ-NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောသလိုပဲ။ အကြမ်းဖက် စစ်ကောင်စီကို နေပြည်တော်မှာတောင် မလုံခြုံဘူးဆိုတာ သိစေချင်ပါတယ်” ဟု အထက်ပါ ပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ညပိုင်း ဦးမြညိမ်းနေအိမ်ပေါက်ကွဲမှုနှင့် Mandalay Paradise ပေါက်ကွဲမှုများတွင် အဆောက်အအုံ ပျက်စီးမှုသာ ရှိပြီး လူသူထိခိုက်မှု မရှိဟု စုံစမ်းသိရှိရသည်။

မတ်လ ၂ ရက် ညဦးပိုင်းက ဗုံးပေါက်ကွဲခဲ့သည့် နေပြည်တော်ကောင်စီလမ်းထောင့်ရှိ လုံခြုံရေးဂိတ်ကို ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ်။

နေပြည်တော်တွင်း ပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ညမထွက်ရအမိန့် အသက်ဝင်နေသေးသည့် နေပြည်တော် မြို့နယ်ရှစ်ခုလုံးတွင် လမ်းဆုံလမ်းခွများ၌ လက်နက်ကိုင်အစောင့်များနှင့် လုံခြုံရေးဘန်ကာ ရာဂဏန်းအထိ ရှိနေပြီး နေရာအချို့တွင် ကတုတ်ကျင်းများပါ တူးထားသည်။

လက်ရှိတွင် နေပြည်တော်အတွင်း စစ်ကောင်စီက လုံခြုံရေး ပိုမိုတင်းကျပ်ထားသလို နေပြည်တော်ဝင်ပေါက်များတွင်လည်း ကားနှင့် မော်တော်ဆိုင်ကယ်များကို တစ်စီးမကျန် စစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button