သတင်း

ဖားကန့်တွင် အရပ်သား ၉ ဦး အသတ်ခံရမှု စစ်ဆေးနေပြီဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုတွင် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပါဝင်သူတချို့ကို ဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ နှင့်၂၅ ရက်တို့တွင် KIA တပ်မဟာ (၂) ထိန်းချုပ်ဒေသ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ရွာတွင် KIA တပ်ရင်း (၂၀) နှင့် မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တောင်ယာလုပ်ကိုင်သူ အရပ်သား ၉ ဦးကို စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီးနောက် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အသတ်ခံရသူများမှာ အသက် ၄၉ နှစ်အရွယ်များဖြစ်သော ဦးကျော်စိုးနှင့် ဦးလော်ဒေယောဟန်၊ ၅၅ နှစ်အရွယ် ဦးလဇွမ်တူးလွမ့်၊ ၃၅ နှစ်အရွယ် ဦးလဇွမ်ထွယ်ရှောင် (ခ) ထွန်းအေး၊ ၂၈ နှစ်အရွယ်များဖြစ်သော ဒေါ်ဖောင်မခေါန်ဘူနှင့် ဒေါ်အင်ဒေါင်ထုနန်၊ ၂၇ နှစ်အရွယ်များဖြစ်သော ကိုထွန်းယုံနှင့် ကိုဖိုးလေး၊ ၅၀ အရွယ် ဦးမြင့်ထွေးတို့ ဖြစ်သည်။

ဒေသခံများ၏ တိုင်ကြားမှုကြောင့် ၎င်းတို့ သတ်ဖြတ်ခံရပြီး တစ်လအကြာ ဖေဖော်ဝါရီ ၂၅ တွင် KIA တပ်မဟာ (၂) က ဦးစီးပြီး မြစ်ကြီးနား၊ မိုးကောင်း၊ ဗန်းမော်၊ နမ္မတီးနှင့် ဖားကန့်မြို့နယ်များမှ ရပ်မိရပ်ဖများအပါအဝင် အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့ (မတ် ၁) တွင် ပြောသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့စည်းထားတယ်။ သူတို့ (ကော်မရှင်)ရဲ့ အစီရင်ခံစာတော့ မရှိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့လည်း မှတ်ချက်ပေးစရာ မရသေးဘူးဖြစ်နေတယ်။ စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ မရသရွေ့ကတော့ ကျွန်တော်တို့လည်း ဘာမှပြောလို့မရဘူး ဖြစ်နေတယ်”

သေဆုံးသူများကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပတ်သက်သည်ဟုဆိုကာ မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု ဒေသတွင်း ခေါ်ဝေါ်ကြသည့် KIA လက်အောက်ခံ UG Black K အဖွဲ့နှင့် KIA တပ်ဖွဲ့ဝင်အချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

မဂေါင်းတောင်ရွာသည် ဖားကန့်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာတွင် ရှိပြီး မိုးကောင်းမြို့နှင့် မိုင်၂၀ ခန့်သာ ဝေးကာ လီဒိုလမ်းမကြီးအနီး တည်ရှိသည်။

မိုးကောင်းမြို့နယ်တွင် စစ်တပ်နှင့် လက်တွဲလုပ်ကိုင်နေသည့် ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်စိုး အပါအဝင် အဖွဲ့ဝင် ၉ ဦးကို ဇန်နဝါရီ ၂၄ ရက်က ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်းနေကြောင်း ဇန်နဝါရီလကုန်က အဆိုပါ UG Black K အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဆိုသူက မီဒီယာအချို့ကို ဖြေကြားထားသည်။

ဖမ်းဆီးသတ်ခံရသူ ၉ ဦးအနက်မှ ကိုထွန်းယုံနှင့် ဦးလဇွမ်ထွယ်ရှောင် (ခ) ထွန်းအေး။ (ဓာတ်ပုံ-ပေးပို့) 

ဦးကျော်စိုးအပါအဝင် အဆိုပါ ၉ ဦးမှာ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ပြီး ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စုတွင် တောင်ယာအလုပ်ကို ဟန်ပြလုပ်ဆောင်နေကြောင်း UG Black K အဖွဲ့က စွပ်စွဲသည်။

KIA က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးနောက် မိသားစုဝင်များနှင့် ပူးပေါင်းကာ အသတ်ခံရသူများ၏ အလောင်းများကို ဖေဖော်ဝါရီ၂၅ ရက်တွင် ပြန်လည်တူးဖော်ပြီး မီးရှို့သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟုဆိုကာ အသေးစိတ်ပြောဆိုရန် KIA ဘက်က ငြင်းဆန်သော်လည်း ဖမ်းဆီးစစ်ဆေးနေသူများထဲတွင် UG Black K အဖွဲ့ဝင်များနှင့် KIA တပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်ပြီး အဖွဲ့ဝင်တချို့ လွတ်မြောက်နေဆဲဟု သိရသည်။

အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပြန်ကြားရေးတာဝန်ခံက ဖမ်းဆီးထားသူ ၂၀ ကျော်ရှိကြောင်း ဘီဘီစီသတင်းဌာနကို ဖေဖော်ဝါရီ ၂၈ တွင် ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းကာ ဖားကန့်မြို့နယ် ဒွန်ဘန်အကျဉ်းထောင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးကိုင်ဇာလျန်ဆိုသူကို ဖမ်းဆီးခဲ့ကြောင်း UG Black K အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။

နာမည်ကျော် ကျောက်စိမ်းနယ်မြေဖြစ်သည့် ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် KIA တို့ မကြာခဏ တိုက်ပွဲဖြစ်နေသည်။ ထို့ပြင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီဘက်မှ ကူတိုက်ပေးနေသည်ဆိုသော SNA အဖွဲ့တို့ကြား ထိတွေ့မှုများနှင့် ဖမ်းဆီးသတ်ဖြတ်မှုများလည်း ဖြစ်ပေါ်နေသည်။

၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းနီတိုင်းရင်းသားကိုယ်စားပြုလက်နက်ကိုင်အဖွဲ့ဖြစ်သော SNA သည် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ်တို့တွင် အခြေစိုက် လှုပ်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button