
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ကျေးရွာတချို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သွားသည့် ဒေသခံ ၄ ဦးအနက် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု အင်းတော်ဒေသခံများက ပြောသည်။
ထိုနေ့ နံနက် ၁၁ နာရီခန့်က မြို့ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၈ ချက် ပစ်ခတ်ခဲ့ရာ အင်းတော်မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ ကျော်ကျေးရွာနှင့် မိုးယူကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ကျော်ကျေးရွာမှ ၇၈ နှစ်အရွယ် အမျိုးသမီး၊ အသက် ၂၄ နှင့် ၃၀ အရွယ် အမျိုးသားနှစ်ဦးတို့ ဒဏ်ရာအနည်းငယ်စီ ရပြီး ရွာတွင် ဆေးကုနေသည်၊ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့သည်ဟု အင်းတော် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒဏ်ရာအပြင်းထန်ဆုံး ရသွားသော အသက် ၄၀ အရွယ် အမျိုးသမီးမှာ ထိုကျေးရွာနှင့် တစ်မိုင်ခန့် ဝေးသည့် မိုးယူကျေးရွာမှ ဖြစ်သည်ဟု အထက်ပါတော်လှန်ရေးအဖွဲ့ဝင်က ဆိုသည်။
“အဲဒီအမျိုးသမီးကတော့ ခေါင်းတွေရော လည်ပင်းတွေရော၊ နှာခေါင်းတွေရော ထိတယ်ဆိုတော့ နည်းနည်းတော့ (ဒဏ်ရာ) ပြင်းတယ်၊ အခုကတော့ အင်းတော်မှာ ဆေးကုနေရတယ်” ဟု သူက ပြောသည်။
အင်းတော်မြို့နယ်အတွင်း တိုက်ပွဲမရှိသည်မှာ နှစ်လခန့် ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်က PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ ထိုရွာများတွင် ရှိမည်ဟု ယူဆပြီး ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံအချို့က သုံးသပ်သည်။
“မိုးယူဘက်မှာက PDF တွေလည်း မရှိပါဘူး၊ သူတို့ (စစ်တပ်) က သူတို့အထင်နဲ့ လျှောက်ပစ်တာ” ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သုံးလခန့်ကလည်း အင်းတော်မြို့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အလားတူ ပစ်ခတ်စဉ် နန်းကင်ရွာမှ မိသားစု ၅ ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့သည်။
“အဲဒီနန်းကင်က ၅ ယောက်မှာ တစ်ယောက် သေသွားတယ်၊ အဲဒီနေ့က ကျွန်တော့အိမ်နားကျလို့ ကျွန်တော့်နွားတစ်ကောင်လည်း ထိသွားတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
အင်းတော်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုသို့ ပစ်ခတ်မှုရှိသော်လည်း ယနေ့အထိ အင်းတော်မြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသလို စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းမထိုးသေးကြောင်း၊ မြို့ပေါ်တွင်လည်း ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားနေကြကြောင်း အင်းတော်ဒေသခံအချို့က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းတွင်လည်း ခုခံစစ် အရှိန်အဟုန်ကောင်းလျက်ရှိသည်။
အင်းတော်၊ ဗန်းမောက်စသည့် မြို့နယ်များသည် စစ်ကိုင်းတိုင်းအဆုံး ကချင်ပြည်နယ်အစပ်တွင် ရှိပြီး ဒေသတွင်းလက်နက်ကိုင်တော်လှန်သူတို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)