သတင်း

စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့သည့် ရခိုင်ဒေသခံငါးဦး ထောင်သုံးနှစ်ကျခံပြီး ပြန်လွတ်

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ခံရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံငါးဦးမှာ ထောင်ဒဏ်သုံးနှစ် ကျခံပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၂၁) တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၊ ကိုအောင်မျိုးလင်း၊ ကိုမောင်ချေ၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်းတို့သည် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၉ ရက်တွင် ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ထောင်သုံးနှစ် ချခံရခြင်းဖြစ်သည်။ ယခုအခါ ထောင်ဒဏ်စေ့၍ ပြန်လွတ်လာကြခြင်းဖြစ်သည်။ 

လွန်ခဲ့သည့် သုံးနှစ်နီးပါးက ကျောက်ဆိပ်ဒေသခံ ၃၈ ဦးအထိကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ကျန်သူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ငါးဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ဖမ်းဆီးစဉ်က ၎င်းတို့ ငါးဦးစလုံးကို စစ်ရေယာဉ်ပေါ်တွင် လက်ပြန်ကြိုးတုပ်၊ မျက်နှာအဝတ်စည်း၍ စစ်သားများက စိတ်ကြိုက် ထိုးကြိတ်ကန်ကျောက်ကာ နှိပ်စက်ခဲ့သည်။​

၂၀၂၁ ဖေဖော်ဝါရီ အရပ်သားအစိုးရထံမှ အာဏာမသိမ်းမီ ပေါ်ပေါက်သည့် ထိုဖြစ်စဉ်ကို စုံစမ်း၍ အရေးယူမည်ဟု စစ်တပ်ဘက်က ပြောခဲ့ဖူးသော်လည်း ကျူးလွန်သည့် စစ်သားများအား မည်သို့အပြစ်ပေးသည်ကို ရှင်းလင်းစွာ မသိရပါ။

ရခိုင်ပြည်နယ်အတွင်း ခုခံတိုက်ခိုက်နေသည့် ရက္ခိုင့်တပ်တော် (AA) နှင့် ၂၀၂၀ နိုဝင်ဘာလဆန်း ပထမအကြိမ် အပစ်အခတ်ရပ်စဲချိန်တွင် AA နှင့် ဆက်စပ်သူအချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးသော်လည်း ကိုညီညီအောင်တို့ ငါးဦး မပါဝင်ခဲ့ပေ။

“ထောင်ထဲမှာ နေခဲ့တုန်းက ကျနော်တို့မှာ သိပ်အခက်အခဲရှိခဲ့တယ်။ နယ်ကလည်း နယ်ကဖြစ်တော့လေ။ (စစ်တွေနှင့် ဝေးသည့်ရွာမှ) စားသောက်ရေးကိစ္စကအစပေါ့။ အခုလက်ရှိမှာ AA နဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူ ထောင်ထဲမှာ ၇၀ ကျော်လောက် (ကျန်) ရှိတယ်။ မဟုတ်ဘဲ စွပ်စွဲဖမ်းထားတာဆိုတော့ လွှတ်ပေးစေချင်တယ်” ဟု ယနေ့ ပြန်လွတ်လာသူ ကိုညီညီအောင်က ပြောသည်။

၂၀၂၀ နှစ်လယ်ပိုင်းက ရေယာဉ်ပေါ်တွင် မျက်နှာစည်း၊ ကြိုးတုပ်ခံထားရသည့် ကျောက်ဆိပ်ရွာသားများကို စစ်တပ်က နှိပ်စက်နေပုံကို မှတ်တမ်းတင်ထားသည့် ရုပ်သံ အွန်လိုင်းတွင် ပျံ့နှံ့လာရာမှ စစ်တပ်၏လုပ်ရပ် လူသိရှင်ကြား ပိုဖြစ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးထားသူ ရာနှင့်ချီ ရှိနေပြီး အသေးစိတ်အခြေအနေကို မသိရပေ။

၂၀၂၂ ခု၊ သြဂုတ်လမှ စတင်ဖြစ်ပွားသော ရခိုင်ပြည်နယ် တစ်ကျော့ပြန်တိုက်ပွဲကာလ အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အရပ်သား ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၈၅ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button