
ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မြို့တွင် ယခုလဆန်းမှစ၍ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်လိုက်သည့်အတွက် ပြတ်လပ်မှုဖြစ်ကာ ဓာတ်ဆီ တစ်ဂါလံဈေး ကျပ် ၂၀,၀၀၀ ကျော်အထိ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ဖားကန့်မြို့အရှေ့ဘက် နန့်ယားဂိတ်မှ ဖားကန့်မြို့သို့ တင်ပို့မည့် လောင်စာဆီတင် ကားများကို သွားလာခွင့် ပိတ်လိုက်ပြီး ဖားကန့်မှ အင်းတော်ကြီးဒေသသို့ သွားသည့် ဝေခါလမ်းကိုလည်း ပိတ်ထားလိုက်သည်ဟု ဖားကန့်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“နန့်ယားဂိတ်လည်း ပိတ်ထားတယ်၊ ဝေခါလမ်းလည်း ပိတ်ထားတယ်၊ အဓိကက ဆီကားတွေပဲ ပိတ်တာ။ အခု ဆီဈေးလည်း တက်လာပြီး တချို့ဆိုင်တွေ ပိတ်ထားလိုက်ရပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့မှာ လောင်စာလက်ကျန်များ ကုန်အောင်ရောင်းချပြီးသည့်နောက် ဆိုင်ပိတ်ထားရပြီဖြစ်ကြောင်း လောင်စာဆီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ကတော့ ဓာတ်ဆီကုန်သွားပြီ၊ သူများတွေတော့ ဘယ်လိုရောင်းလဲမသိဘူး၊ ကျွန်မတို့နောက်ဆုံးရောင်းခဲ့တဲ့ ဈေးကတော့ ၁၄,၅၀၀ (ဓာတ်ဆီ တစ်ဂါလံ) ပဲ” ဟု အဆိုပါ ဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။
ဆက်ရောင်းချနေသည့် ဆိုင်များမှာလည်း ရှိသည့် လက်ကျန်စက်သုံးဆီများကို ရောင်းချပြီးလျှင် ပိတ်ထားရမည့် အခြေအနေရှိနေပြီး လောင်စာဆီတင်ကားများ မည့်သည့်အချိန်ပြန်ဝင်မည်ကိုလည်း မသိရသေးကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
လတ်တလောဈေးကွက်အတွင်း ဓာတ်ဆီတစ်ဂါလံလျှင် ၂၀,၀၀၀ ကျော်အထိ ပေါက်နေပြီး အချို့သူများမှာ တစ်ဂါလံ ၂၈,၀၀၀ ကျပ်အထိ ပေးဝယ်ခဲ့ရသူများပင်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီဝါဒဖြန့် သတင်းစာများ၏ ဖေဖော်ဝါရီလ ၁၄ ရက် ဖော်ပြချက်တွင်မူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓာတ်ဆီ ၁ လီတာကို လက်လီဈေး ၂,၃၁၅ ကျပ်ဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ဓာတ်ဆီ ၁ ဂါလံကို ၁၃,၈၉၀ သာ ကျသင့်မည်ဖြစ်သည်။
ဓာတ်ဆီဈေးနှင့်အတူ အချို့ကုန်ဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာပြီး ဆန်ကြမ်းတစ်အိတ်လျှင် ၈၀,၀၀၀ ကျော်နှင့် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၅၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်နေသည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုက ဆီဈေးတက်တာနဲ့ လိုက်တက်တာပဲ၊ ဆန်တစ်ခုတည်းမဟုတ်ဘူး၊ အချို့ကုန်ဈေးနှုန်းတွေလည်း တက်သွားတယ်၊ သာမန်လက်လုပ်လက်စားတွေကတော့ မချောင်တော့ဘူး” ဟု ပြောသည်။
ဖားကန့်တွင် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိသေးသော်လည်း တည်ငြိမ်နေသည့်အခြေအနေတွင် မရှိကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။
မြို့ပေါ်တွင် ဗုံးပေါက်ကွဲခြင်းနှင့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့်ပါ ရမ်းသန်းပစ်ခတ်နေလေ့ရှိသည်ဟု ဖားကန့်သပိတ်ကော်မတီဝင် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၁၁ ရက်တွင် စစ်တပ်က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့် လက်နက်၊ ခဲယမ်းအချို့ကို ဖားကန့်ဗျူဟာကုန်းသို့ နှစ်ကြိမ်လာရောက်ပို့ဆောင်သွားသည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာရာ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့ပြီး ကျောက်စိမ်းထွက်သည့် ထိုဒေသကို ထိန်းချိုပ်နိုင်ရန် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) တို့ အပြိုင်အဆိုင်ကြိုးစားနေကြသည်။
ပြီးခဲ့သည့်နှစ်က ဖားကန့်မြို့နယ် အနန့်ပါဒေသရှိ KIA နှစ်ပတ်လည်ပွဲကျင်းပရာနေရာသို့ စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)