
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်ရှိ ချင်းလူမျိုးများ အနိုင်ကျင့်ခံနေရသည် ဆိုသည့် လတ်တလောထုတ်ပြန်ချက်တစ်ခုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ကျူးလွန်ကြောင်း ထင်ရှားလျှင် ကျူးလွန်သူကို စည်းကမ်းဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမှန်တကယ်ကျူးလွန်မှု ရှိမရှိ ဆိုတာကတော့ အခုလောလောဆယ် ပြောလို့မရသေးဘူး” ဟု ဦးခိုင်သုခက Myanmar Now ကို ဖေဖော်ဝါရီ ၉ တွင် ပြောသည်။
ဇန်နဝါရီ ၃၀ တွင် AA တပ်ဖွဲ့ဝင်များက မြေပုံမြို့နယ်၊ တုတ်ချောင်း (ချင်း) ရွာမှ ဒေသခံ ချင်းလူမျိုး နှစ်ဦးကို ဖုန်းဖြင့် ဆင့်ခေါ်ကာ ကြိုးတုပ်ပြီး အုပ်စုလိုက် ရိုက်နှက်ကြသည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂ ကလည်း မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ကျေးရွာ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘခင်နှင့် AA အရာရှိတစ်ဦးဖြစ်သော ဗိုလ်မှူးခိုင်ကျော်တို့ အငြင်းပွားခဲ့ကြကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနောက် ထိုဗိုလ်မှူးက အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့သည့်အပြင် ရွာသူ၊ရွာသားများကိုလည်း လက်နက်ထုတ်ပြကာ “ကားလမ်းဘေးမှ နေအိမ်များ ဖြိုဖျက်ပစ်ရမည်” ဟု ခြိမ်းခြောက်ကြောင်း ဖော်ပြထားသည်။
ထိုဖြစ်စဉ်များနှင့် ဆက်စပ်၍ ရခိုင်ပြည်အတွင်း AA အောက်ခြေတပ်သားများ၏ ချင်းလူမျိုးများအပေါ် ကိုင်တွယ်ပြုမူပုံများမှာ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုဘက်သို့ ဦးတည်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း အားနည်းမှုတို့မှာ ရခိုင်ပြည်အတွင်းရှိ ချင်းလူမျိုးများ၏ အနာဂတ် လူမှုဘဝလုံခြုံရေးအတွက် များစွာစိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကော်မတီ၏ ဥက္ကဋ္ဌ ဆလိုင်းပိုင်ဆွန်က တရားမျှတမှု အလိုရှိသည်ဟု ပြောသည်။
“ကျွန်တော်တို့ လိုချင်တာက တရားမျှတမှုအတွက်ရယ်၊ ပြီးတော့ ကျူးလွန်တဲ့သူကို ထိုက်တန်တဲ့ပြစ်ဒဏ် ပေးစေချင်တယ်။ နောက်တစ်ခုက ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကို လိုချင်တယ်။ အဲဒါတွေကို ULA ဗဟိုကော်မတီကနေ ဆောင်ရွက်ပေးစေချင်တယ်” ဟု ဆလိုင်းပိုင်ဆွန်က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ပြီးနောက် AA/ULA ဘက်မှ အရာရှိတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်လာကာ ပြစ်ဒဏ်ကျူးလွန်ကြောင်း တွေ့ရှိလျှင် အောက်ခြေတပ်ဖွဲ့ဝင်များကို အရေးယူသွားမည်ဟု ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ကိစ္စမျိုး ထပ်မံမပေါ်ပေါက်အောင်အတွက် ULA နှင့် မိမိတို့ကြား တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ လောလောဆယ် ချိတ်ဆက်နိုင်ရန် လမ်းကြောင်းမရှိသေးကြောင်း ဆလိုင်းပိုင်ဆွန်က ပြောသည်။
ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ တွင် ယာယီအဆုံးသတ်ခဲ့ကြသည်။
ရခိုင်ဒေသ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော AA သည် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် နှစ်နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ယင်းနောက် ၂၀၂၀ နိုဝင်ဘာပထမပတ်တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲလိုက်ကြပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တရားတို့ကို တည်ဆောက်ကာ “ရက္ခိုင်ပြည်သူ့အစိုးရ”အဖွဲ့ ဖွဲ့စည်း၍ စစ်ကောင်စီနှင့် စင်ပြိုင်အုပ်ချုပ်နေသည်။
လက်ရှိတွင် AA ၏ အုပ်ချုပ်ရေးယန္တရားသည် ကျေးလက်ဒေသအများအပြားတွင် လည်ပတ်နေသည်ကို တွေ့ရပြီး အမှုကိစ္စများဆောင်ရွက်ရာတွင် အောင်မြင်မှုရှိသကဲ့သို့ အောက်ခြေတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီးလည်း ရံဖန်ရံခါ ဝေဖန်ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)