မေးမြန်းခန်း

ပြည်သူ့ထောက်ခံမှုနဲ့ ထိုးစစ်တွေကို တန်ပြန်ရိုက်ချိုးနိုင်ခဲ့တယ်- ပဒိုစောတောနီး (KNU)

မေး။  ။ စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့အချိန် ရောက်လာပြီ။ ဒီနှစ်ထဲမှာ စစ်ရေးကို အရှိန်မြှင့်တင်မယ်ဆိုပြီး ကြွေးကြော်ထားတာလည်း ရှိတယ်။ KNU အနေနဲ့ရော ဘယ်လိုမျိုး သဘောထားရှိပါသလဲခင်ဗျာ။

ဖြေ ။ ။ ကျွန်တော်တို့ကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတည်းက မူဝါဒ ရှင်းရှင်းလင်းလင်း ချထားပြီးသားပါ။ စစ်အာဏာရှင်စနစ်ကို လုံးဝ လက်မခံဘူး။ ဘယ်အာဏာရှင်စနစ်ကိုမှလည်း လုံးဝ လက်မခံဘူး။ ဒါကို အပြတ်တိုက်ဖျက်ရမယ်ဆိုတာ ကျွန်တော်တို့ ရည်မှန်းချက်ရှိပြီးသား။

အဲဒါကြောင့်မို့လို့ ဒီလို စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့အခါမှာ စစ်ရေးနည်းလမ်းတစ်ခုတည်းနဲ့တင် မကဘူး။ ကျန်တဲ့နည်းလမ်းတွေကိုလည်း တွဲပြီးတော့ သုံးသွားမယ်ဆိုတာလည်း ကျွန်တော်တို့ ပြောထားပြီးသား။ အဲဒါကြောင့်မို့လို့ အခု စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မြောက်လာတဲ့အခါမှာ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ အရှိန်မြှင့်သွားဖို့တော့ လိုတယ်။ အဲဒါကြောင့်မို့လို့ ပြောချင်တာကတော့ နိုင်ငံရေးဘက်မှာရောပဲ နိုင်ငံတကာဆက်ဆံရေး သံခင်းတမန်ခင်းဘက်မှာရောပဲ စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေးပိတ်ဆို့မှုရော အထူးသဖြင့် စစ်ရေးကိစ္စဆို နှစ်နှစ်တာ ကျော်ဖြတ်ပြီးတဲ့နောက်မှာ ဒီထက်ပိုပြီး အရှိန်မြှင့်ရမယ်ဆိုတာ ကျွန်တော်တို့ ပြောထားပြီးသားဖြစ်တယ်။ အဲဒါကြောင့် မူဝါဒ ရှင်းရှင်းလင်းလင်းချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်တာပဲ ဖြစ်ပါတယ်။

မေး ။ ။ ၂ နှစ်တာ ကာလအတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးက ဘယ်လိုမျိုးအခြေအနေ ရောက်လာပြီလဲ။ တိုးတက်လာမှုအနေနဲ့ဆိုရင် ဘယ်လိုမျိုး ပြောလို့ရမလဲခင်ဗျ။

ဖြေ ။ ။ ဒီနှစ်နှစ်အတွင်းမှာ အထူးသဖြင့် စစ်ကောင်စီက စစ်အာဏာသိမ်းလိုက်တဲ့အခါမှာ အာဏာသိမ်းစဉ်ကာလကနဲ့ မတူတော့ဘဲနဲ့ ကုလသမဂ္ဂမှာ သူ့ရဲ့နေရာ လုံးဝ တရားဝင်မှု ပျောက်သွားတယ်။ အဲဒါကို ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်တဲ့အခါမှာ ဒါလည်း အောင်မြင်မှုရှိတယ်လို့ ပြောနိုင်တယ်။ စစ်ကောင်စီက ကျရှုံးနေတယ်လို့ ရဲရဲကြီး ပြောလို့ရတယ်။ ကုလသမဂ္ဂမှာ ကျွန်တော်တို့ဘက်က တရားဝင်မှုရဖို့ လုံးပန်းတဲ့အခါမှာ ပိုပြီးတော့ အောင်မြင်လာတယ်။ တိုးတက်လာတဲ့အပိုင်းကဘာလဲလို့ ပြောရင် နိုင်ငံတကာသံခင်းတမန်ခင်းဘက်မှာ ကျွန်တော်တို့ ကြုံတွေ့ရတဲ့အနေအထားက စိတ်ဓာတ်ရေးရာအရ ထောက်ခံအားပေးမှုတွေ ရှိလာတယ်။ သို့သော်ငြားလည်း ဒီနှစ်မှာ အမေရိကန်နိုင်ငံက NDAA Act ကို ပြဋ္ဌာန်းလိုက်တဲ့အခါမှာ ဒါတွေက လုံးဝအကောင်အထည်ဖော်တဲ့အပိုင်းတွေ ဖြစ်လာတော့မယ်။

ဆိုလိုတာက ကျွန်တော်တို့ သံခင်းတမန်ခင်းဘက်မှာ ကိုယ်စားလှယ်ထားနိုင်ရုံတင်မကဘူး နိုင်ငံတကာရဲ့ အကူအညီထောက်ပံ့မှုက တစ်နည်းတစ်ဖုံနဲ့ ကျွန်တော်တို့ကို ဆက်ပြီး ပေးနေပြီဆိုတာ သိနိုင်တယ်။ နောက်တစ်ခုက ၂၀၂၂ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က စည်းနဲ့ဝါးရှိတယ်။ မလုပ်လို့မရဘူး။ ဒါက အကောင်အထည် ဖော်ကိုဖော်ရမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ အဲဒါက ကျွန်တော်တို့ တော်လှန်ရေးသမိုင်း နှစ် ၇၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် တွေ့ရတဲ့အရာပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက တိုးတက်မှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာ ကျွန်တော်တို့က အလကားရတာ မဟုတ်ဘူး။ တော်တော်လေးကို အဖိုးအခတွေ ကြီးကြီးမားမားပေးပြီးမှ ရလာတာ ဖြစ်တယ်။

မေး။ ။ စစ်ရေးအရဆိုရင် KNU နယ်မြေအတွင်းမှာ တိုက်ပွဲပေါင်း ၇၀၀၀ ကျော်အထိ ဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ အသေအပျောက်များသလို တပ်ကို စွန့်ခွာထွက်ပြေးမှုတွေလည်း တွေ့ရတယ်။ ဆိုတော့ စစ်ရေးအရဆိုရင် ဘယ်လောက်အထိ အသာစီးရယူထားနိုင်ပြီလဲခင်ဗျာ။

ဖြေ ။ ။ ကျွန်တော်တို့ တော်လှန်ရေးသက်တမ်းတစ်လျှောက်လုံးမှာ ထိုးစစ်ကြီးကြီးမားမား ပြန်မလုပ်နိုင်ခဲ့ပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ တော်လှန်ရေးအခက်အခဲ အကျပ်အတည်းဆိုတာလည်း အားလုံးအသိပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ဒီနေ့ဒီကာလမှာ ကျွန်တော်တို့ ပြန်ပြီး သတိပြုမိတာက စစ်ရေးအရ ပြန်ပြီးတုံ့ပြန်တာက ကျွန်တော်တို့ KNU တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ လက်တွဲလာတဲ့ PDF တွေ တခြားဒေသမှာရှိတဲ့ PDF တွေက ဘာနဲ့စခဲ့ရလဲဆိုတော့ မီးကျိုးမောင်းပျက် လုပ်သေနတ်တွေနဲ့ စခဲ့ရတယ်။ သုညနဲ့ပဲ စတင်ခဲ့ရတဲ့ အနေအထားဖြစ်တယ်။ ကျွန်တော်တို့နောက်မှာ ပြည်သူက အပြည့်အဝရှိတယ်။ ကျွန်တော်တို့ နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ကို ထိုးစစ်ဆင်လာတာလည်း ရေကုန်ရေခန်းပဲ။

 

တစ်ဖက်မှာလည်း အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတွေ ခေါ်ပေမဲ့ ကျွန်တော်တို့ ကြုံတွေ့နေရတာက ထိုးစစ်ဆင်တာပဲ ဖြစ်တယ်။ အဲဒီထိုးစစ်ကို ခုခံနိုင်တယ် တန်ပြန်ပြီးတော့ ရိုက်ချိုးနိုင်တယ်ဆိုတာကလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ပဲ၊ ပြည်သူလူထုရဲ့ လှူဒါန်းငွေနဲ့ပဲ ထိုးစစ်တွေကို တန်ပြန်ရိုက်ချိုးနိုင်တာ ကျွန်တော်တို့ရဲ့ စစ်ရေးအောင်မြင်မှုပဲ ဖြစ်တယ်။ မီးကျိုးမောင်းပျက်နဲ့ စခဲ့ရတဲ့အနေအထားကနေ နှစ်နှစ်အတွင်းမှာ စုဖွဲ့မှုက အများကြီး အချိတ်အဆက်မိမိ လုပ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်။ ဒီနှစ်နှစ်အတွင်းမှာ တော်တော်လေး လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့သမိုင်းမှာ မြန်တယ်လို့ ပြောလို့ရတယ်။ ပြန်ကြည့်မယ်ဆိုရင် အားမရတဲ့ဟာတွေ၊ ယူကျုံးမရတဲ့ဟာတွေ၊ မချိတင်ကဲ ဖြစ်တာတွေ ရှိခဲ့တယ်။

ဆိုလိုတာက စစ်ရေးအရမှာ ထိုးစစ်ကို မထိုးနိုင်ဘူးဆိုပေမဲ့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတော့ သမားရိုးကျပြောက်ကျားစစ်ဗျူဟာနဲ့ တိုက်ပွဲဝင်နေတဲ့အနေအထားကနေ ဒီနေ့မှာ ကျွန်တော်တို့ မြို့ထဲကို ဝင်ချင်သလို ဝင်လို့ရတယ်ဗျာ။ ရှင်းရှင်းပြောရရင် တပ်ရင်းဌာနချုပ်ကြီးတွေကို ဝင်ချသွားနိုင်တဲ့အနေအထား ဒါက သမိုင်းတစ်လျှောက်မှာ တော်တော်ရှားတယ်။ ပြောရမယ်ဆိုရင် ထိုးစစ်ကာလကို မရောက်သေးဘူး။ ဒီလိုလုပ်ပြနိုင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုတစ်ခုပဲ။ ပြောချင်တာကတော့ ထိုးစစ်ကာလကို မရောက်ရှိသေးဘူးလို့ ဆိုပေမဲ့ ကျွန်တော်တို့ လုပ်နေတဲ့အလုပ်တွေက နှစ်နှစ်အတွင်းမှာ အများကြီး ထူးခြားပြောင်းလဲလာနေပြီဆိုတာ သေချာပြောလို့ရတာပေါ့။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံ ကိုင်ကာ ကတိသစ္စာရွတ်ဆိုနေသော PDF တပ်ဖွဲ့ဝင်တစ်ဦးကို ဇန်နဝါရီတတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Daw Na Column)

မေး။ ။ စစ်အာဏာရှင်တော်လှန်ရေးကို ကြည့်ရင် စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်တာအပြင် နိုင်ငံရေးအရလည်း ဆန့်ကျင်တာမျိုး ရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နောက်မှာ ပြည်သူလူထုရှိတယ်လို့ ပြောခဲ့တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လောက်အထိ အောင်မြင်တယ်လို့ ပြောလို့ရနိုင်မလဲ။

ဖြေ ။  ။ စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ နိုင်ငံရေးအမြင်က တော်တော်လေးရေချိန်မြင့်တယ်လို့ ပြောရမယ်။ ပြည်သူလူထုဘက်က စစ်အုပ်စုနဲ့ လုံးဝပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတာ သက်သေပြလို့ ရတယ်။ ဒီနေ့ဒီကာလအထိ ပြည်သူလူထုက သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ဘူးဆိုတာ အထူးသဖြင့် ဆန္ဒပြပွဲတွေကလည်း နေရာတော်တော်များများမှာ ရှိသေးတယ်။

သာဓကအနေနဲ့ ကျွန်တော်တို့ဘက်က တစ်ခုခု ပြောလိုက်ပြီဆိုရင် ဒီနေ့ဒီရက်မှာ ဘာလုပ်ကြမလဲဆိုရင် အထူးသဖြင့် သင်္ကြန်ပွဲပေါ့နော်။ ကျွန်တော်တို့ လူမျိုးတွေက သိတဲ့အတိုင်းပဲ။ သင်္ကြန်ဆိုရင် အရူးအမူးပဲလေ။ မသွားရ မနေနိုင်တဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ဒီကာလမှာ စစ်ကောင်စီနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ရှိတဲ့သူတွေ အနားကို သင်္ကြန်မှာ သွားပြီးတော့ကို မကပ်တော့ဘူး။ အဲဒါတွေက ပြည်သူလူထုရဲ့ နိုင်ငံရေးမြင့်တယ်လို့ ပြောရမယ်။ အကြမ်းဖက်စစ်ကောင်စီက ကျားကုတ်ကျားခဲနဲ့ ကြိုးစားတော့မဲ့ အတုအယောင်ရွေးကောက်ပွဲကြီးကို ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်မြင့်တဲ့အနေအထားနဲ့ လုံးဝပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတာ တထစ်ချ ယုံကြည်တယ်ဗျာ။

မေး ။ ။ စောစောက ပြောသွားတဲ့အထဲမှာ စစ်ကောင်စီက လုပ်မဲ့ ရွေးကောက်ပွဲအကြောင်း ပါလာတယ်ပေါ့နော်။ ဒီရွေးကောက်ပွဲအပေါ်မှာ KNU အနေနဲ့ရော ဘယ်လိုမျိုး သဘောထားရှိပါသလဲခင်ဗျာ။

ဖြေ ။ ။ KNU အနေနဲ့ ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင်တွေပါတဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ချက် ရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်က အကြမ်းဖက်စစ်အုပ်စုက လုပ်တော့မယ့် အတုအယောင်ရွေးကောက်ပွဲကို ကျွန်တော်တို့ လုံးဝဆန့်ကျင်တယ်။ ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ လက်ခံလို့ မရဘူး ဆန့်ကျင်ရမယ်၊ တိုက်ဖျက်ရမယ်။ ဘာကြောင့်အဲဒီလိုပြောရလဲဆိုတော့ ဒီရွေးကောက်ပွဲဆိုတာ စစ်ကောင်စီရဲ့ နောက်ဆုံးထွက်သက်အနေနဲ့ တရားဝင်မှု ရရှိရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းတာ ဖြစ်တယ်။ တစ်ဖက်ကနေ ပြန်ကြည့်လိုက်တဲ့အခါမှာ အကြမ်းဖက်စစ်အုပ်စုက တရားမဝင်တဲ့အဖွဲ့အစည်းဖြစ်တယ်။ တရားမဝင်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ ဒီလိုမျိုး ရွေးကောက်ပွဲကို လုပ်ဖို့ ထိုက်တန်မှုမရှိဘူးဆိုတာ သေချာပြောရဲတယ်။ နောက်တစ်ချက်က ဒီလို အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လုံးဝမရှိတော့ဘူး။ ပျက်ပြယ်သွားပြီဆိုတာ လူတိုင်းနားလည်တဲ့ကိစ္စ အဲဒါကြောင့်မို့လို့ ဘာမှ သံသယမရှိဘူး။ နားဝေတိမ်တောင်လည်း မဖြစ်ဘူး။ ကျွန်တော်တို့ လုပ်စရာရှိတဲ့အလုပ်ကို ဆက်ပြီး တွန်းလုပ်သွားမယ်။

ဘာလို့လဲဆိုတော့ စစ်ကောင်စီ လုပ်မဲ့ ရွေးကောက်ပွဲကို သွားပြီးတော့ ပူးပေါင်းလုပ်ဆောင်မယ်ဆို သူတို့နဲ့ တစ်တန်းတည်းဖြစ်သွားပြီးတော့ သူ့ကို သက်ဆိုးရှည်အောင် လုပ်တာနဲ့ အတူတူပဲ။ နိုင်ငံရေးပါတီကလည်း သတိထားရမဲ့အချက်ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မယ်ဆို ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ဒဏ်ခတ်လိမ့်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်။

ဒါပေမဲ့ ကျွန်တော်တို့ KNU က ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်။ ပြည်သူလူထုက လုံးဝ မပါဝင် မပူးပေါင်း၊ မဆောင်ရွက်အောင် ပြောတယ်။ ခိုင်ခိုင်မာမာ ရပ်တည်ထားတဲ့အချက်က ကျွန်တော်တို့ အကြမ်းဖက်တဲ့နည်းလမ်းကို ရှောင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ အဖွဲ့အစည်းက အများကြီးရှိတဲ့အခါကျတော့ ကျွန်တော်တို့ကိုယ်တိုင် အကြမ်းမဖက်ဘူးဆိုပေမဲ့ ဘာတွေက ဘယ်လိုဖြစ်လာမယ်ဆိုတာ စစ်ကောင်စီပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မူဝါဒအရ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လုံးဝအပြီးတိုင်ချုပ်ငြိမ်းစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ကို သွားမယ်ဆိုရင် ၂၀၀၈ အောက်မှာ လုပ်မယ့် ရွေးကောက်ပွဲက လုံးဝ လက်ခံနိုင်စရာအကြောင်း မရှိဘူး။

မေး ။ ။ အခုလက်ရှိ KNU နယ်မြေထဲမှာ စစ်ရေးက တော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေတာမျိုး ရှိတယ်။ နောက်ဆက်တွဲအနေနဲ့ စစ်ရှောင်ဒုက္ခသည်တွေ အရမ်းများလာတယ်။ စစ်ရှောင်တွေရဲ့ အရေးကိစ္စကိုရော KNU က ဘယ်လိုမျိုး ဆောင်ရွက်ပေးနေတာမျိုး ရှိလဲခင်ဗျာ။

ဖြေ ။ ။ လက်ရှိအနေအထားအရ လုပ်ဆောင်နေတဲ့ အပိုင်းကတော့ ကူညီရေး ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက လုပ်နေတဲ့အခါမှာ အခုလည်း ဆက်လက်လုပ်ဆောင်နေရတာပေါ့။ ဒါပေမဲ့  စစ်ကောင်စီက လူထုကို သက်သက်မဲ့ကို ပစ်မှတ်ထားပြီး လုပ်ဆောင်လာတဲ့အခါမှာ ကျွန်တော်တို့ အရင်က ကြုံဖူးတဲ့ IDPs ဂဏန်းအရေအတွက် နှစ်သိန်းကနေ အခုလက်ရှိကာလမှာ သုံးသိန်းငါးသောင်းလောက်အထိ ရှိနေတဲ့ အနေအထားမှာ ဖြစ်နေတဲ့အခါကျတော့ ဒီအရေအတွက်ကို အချိန်အလျဉ်မီအောင် လုပ်ရတာ ခက်ခဲတယ်။ တကယ့်ကို ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။

တစ်ဖက်ကလည်း စစ်ကောင်စီကနေ ကျွန်တော်တို့ ဒုက္ခမရောက်ရောက်အောင် လူထုနဲ့ ပြဿနာတက်ပြီးတော့ အထူးသဖြင့် ကျွန်တော်တို့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သလို အလှူရှင်နိုင်ငံကြီးများကလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ရှိတဲ့ စစ်ရှောင်တွေအရေးထက် တစ်နိုင်ငံလုံးမှာရှိတဲ့ ၂ သန်းသော စစ်ရှောင်အရေးကို အစာရေစာရော လိုအပ်တဲ့ဟာတွေ ပေးနိုင်ဖို့အတွက် ဦးတည်ပြီးတော့ လှုပ်ရှားနေပါတယ်။

ဒီလိုဖြစ်နေတဲ့ တရားခံက ဘယ်သူလဲဆိုတော့ အကြမ်းဖက် စစ်ကောင်စီပဲဖြစ်တယ်။ တမင်သက်သက် ပြည်သူကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်တယ်။ လေယာဉ်နဲ့ သွားပြီးတော့ ဗုံးကြဲတယ်ဆိုတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခဆိုးကြီး ဖြစ်ပေါ်အောင် သူတို့လုပ်နေတာ ဖြစ်တယ်။ ဒီကိစ္စကို တစ်နေ့ကျရင် သူတို့ (စစ်ကောင်စီ) က ရင်ဆိုင်ရပါလိမ့်မယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ​ – KIC)

မေး ။ ။ KNU ထိန်းချုပ်နယ်မြေမှာတင်မကဘဲ တခြားဒေသတွေမှာပါ ထိုးဖောက်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမယ်ဆိုတဲ့ သဘောမျိုး ရှိပါသလားခင်ဗျာ။

ဖြေ ။ ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့အခါမှာ ကိုယ့်ဒေသတစ်ခုတည်းနဲ့တင် မရပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ လက်ချင်းချိတ်ပြီးတော့ လုပ်ရမယ့်ကိစ္စပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ် ကျဆုံးဖို့အတွက်ဆိုရင် ကိုယ့်ဒေသတစ်ခုတည်းတင် ဦးတည်လို့မရပါဘူး။ တခြားဒေသတွေမှာလည်း ဖြစ်နိုင်တဲ့နည်းလမ်းတွေကို လုပ်ဆောင်နေရပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်တယ်ဆိုတာက စစ်ရေးအရ မပြောနိုင်သေးပါဘူး။

မေး ။ ။ စစ်တပ်က တိုက်ပွဲတွေမှာ အထိနာလာရင် လေကြောင်းပစ်ကူသုံးပြီး မည်းမည်းမြင်ရာ ပစ်ခတ်တာမျိုးတွေ ရှိတယ်။ KNU အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုမျိုး ပြန်လည်တုံ့ပြန်သွားဖို့ ရှိမလဲခင်ဗျာ။

ဖြေ ။ ။ လေကြောင်းတိုက်ခိုက်မှုမှာ လူထုကို ပစ်မှတ်ထားပြီး လုပ်တာ အဓိကဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့လည်း လူထုတွေကို မထိခိုက်မနစ်နာအောင် အမြန်ဆုံးသတိပေးတယ်။ တော်လှန်ရေးသတိရှိဖို့တော့ လိုတယ်။ လေကြောင်းနဲ့ ဗုံးကြဲတာတင်မကဘူး။ လက်နက်ကြီးနဲ့ ပစ်တာတွေကလည်း အပါအဝင်ဖြစ်တဲ့အခါ ကျတော့ ဗုံးခိုကျင်းတော့ အနည်းဆုံးအဆင့် လုပ်ရတယ်။ ကျွန်တော်တို့က အမြဲတမ်းသတိထားရမယ်။ လေကြောင်းတွေကို တန်ပြန်ပစ်ခတ်နိုင်တဲ့အနေအထား မရောက်လာသေးခင် စပ်ကြားမှာ လေကြောင်းအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့အတွက် အမြဲတမ်းသတိပေးနေရတယ်။ 

အမြဲတစေ အတည်တကျ နေရာအသေ နေလို့မရဘူး။ တပ်ဖွဲ့ဝင်က ပြောက်ကျားစနစ်နဲ့ နေရုံမကဘူး လူထုတွေကိုယ်တိုင်ကလည်း ပြောက်ကျားစနစ်နဲ့ ရွေ့လျားနေရတယ်ဆိုတာ အထိအခိုက်အကျအဆုံး အနည်းဆုံးအနေအထား ဖြစ်ပါတယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကာကွယ်နိုင်အောင် အဆင့်တစ်ဆင့်ချင်းစီ လုပ်ဆောင်နေတဲ့အနေအထားမှာပဲ ရှိနေပါသေးတယ်။

မေး ။ ။ ပြည်သူလူထုကိုရော ဘာများ သတင်းစကားပါးချင်ပါသလဲခင်ဗျာ။

ဖြေ ။ ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ရမယ့် ရှေ့အနာဂတ်ကာလက ဘယ်လိုမှ မချောမွေ့ဘူးဆိုတာ ရဲရဲကြီးပြောရဲတယ်။ အဲဒါကြောင့်မို့လို့ လွတ်လပ်မှုဆိုတာ ဘယ်တော့မှ အလကားမရဘူး။ အဖိုးထိုက်တန်စွာနဲ့ပဲ ပေးဆပ်ရမယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲလေ။ အဲဒါကြောင့်မို့လို့ ဒီနေ့ဒီကာလမှာ ကျွန်တော်တို့ ရယူပိုင်ဆိုင်တော့မယ့် လွတ်လပ်ခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေက ဘယ်တော့မှ လွယ်လွယ်နဲ့ မရနိုင်ဘူး။

လူထုကလည်း ဒါကို နားလည်တယ်။ နှစ်နှစ်တာ ကာလအတွင်းမှာ ရေကုန်ရေခန်း ထောက်ခံတယ်။ ရှိစုမဲ့စုကြားက လုပ်နေရတဲ့ ပြည်သူလူထုအနေနဲ့ ပင်ပန်းနွမ်းနယ်ကြမှာတော့ အမှန်ပဲ။ သို့သော်ငြားလည်းပဲ ဒီနေ့ဒီကာလမှာ ကျွန်တော်တို့ လက်လျှော့လို့မရဘူး၊ ဒီစစ်အာဏာရှင်စနစ်က ကျွန်တော်တို့ သားစဉ်မြေးဆက်အထိ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်က မှောင်အတိဖုံးနေပြီးတော့ ကျွန်တော်တို့ ဘယ်လိုမှ ရှေ့တိုးလို့ မရမဲ့ အနေအထားရောက်လာမယ်။ အဲဒါကြောင့်မို့လို့ ဒီလိုနှစ်နှစ်အတွင်းမှာ အောင်မြင်ခဲ့တဲ့ အခြေအနေအားလုံးကို အားတင်းထားရင်းနဲ့ပဲ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မျိုးမဆို လုံးဝလက်မခံဘဲနဲ့ အပြီးတိုင် တိုက်ဖျက်ဖို့ အားယူရင်းနဲ့ ရှေ့ဆက်ကြရမယ်ဆိုတာ ပြောချင်ပါတယ်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button