သတင်း

မုန်တိုင်းကာလအတွက် ကျောက်ဖြူဒေသခံများ အရေးပေါ်ပြင်ဆင်

(ရန်ကုန်) — ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြား မုန်တိုင်းငယ်တစ်ခု ဝင်ရောက်ဖွယ်ရှိသောကြောင့် မုန်တိုင်းရန် ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်နေသည်ဟု ကျောက်ဖြူဒေသခံများက မေ ၂၉ ညနေပိုင်းတွင် ပြောသည်။

မုန်တိုင်းငယ် ထိုမြို့နှစ်ခုကြား ဖြတ်ကျော်စဉ် တစ်နာရီလျှင် လေတိုက်နှုန်း ၄၅ မိုင်မှ ၅ဝ အထိ ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

ပင်လယ်ကမ်းခြေ ကျေးရွာအုပ်စု ၁၂ အုပ်စုမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများကို နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့ကြရန် ဆော်သြထားမှုကြောင့် အားလုံး ပြောင်းရွှေ့ ပြီးစီးကြောင်း ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကပြောသည်။

“ကျွန်တော်တို့ သိပြီးပြီးချင်း မနေ့ညနေ ၄ နာရီနဲ့ ၅ နာရီလောက်မှာတော့ အသံချဲ့စက်တွေနဲ့ လှည့်လည် သတိပေးထားပါတယ်။ ပြောင်းစရာရှိတာလည်း ပြောင်းကြဖို့ ပြင်ဆင်ကြဖို့ပေါ့” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

အရေးပေါ်ကာလ အတွက် ဆန်အိတ် ၅ဝဝ၊ တာပေါ်လင်စ ၂ဝဝ၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည့်သူ ၆ဝ ခန့်ကို ၎င်းတို့၏ ရုံးတွင် စုစည်းထားကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်စဉ် လှိုင်းအမြင့် ၁ဝ မှ ၁၆ အထိ ရှိနိုင်သည်ဟု မိုးဇလဌာနက ခန့်မှန်းထားပြီး ဒေသတွင်း ငါးဖမ်းစက်လှေ အားလုံး ကျောက်ဖြူဆိပ်ကမ်းတွင် ရပ်နားထားသည်ဟု သိရသည်။

ငန်းကျွန်း၊ ပန်းဒူမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က ရွာပြင်ရောက်နေသူများ အားလုံးကို ရွာအတွင်း ရွှေ့ပြောင်းစေပြီး၊ ငါးဖမ်းလှေများကိုလည်း ရွာဆိပ်ကမ်းတွင် စုစည်း ချည်နှောင်ထားသည်ဟု ပြောသည်။

“အခုလောလောဆယ်တော့ မိုးရွာလိုက် လေတိုက်လိုက် ဖြစ်နေတယ်။ လေကတော့ သိပ်မပြင်းသေးဘူး။ ပြင်ဆင်လို့ရတာ အကုန်တော့ ပြင်ဆင်ထားတာပဲ” ဟု ဦးသိန်းမြင့်က ပြောသည်။

ညနေ ၆ နာရီတွင် လေတိုက်နှုန်း ပိုမိုပြင်းထန်လာပြီး သစ်ပင်တချို့ ပြိုလဲသွားသည်ဟု ဦးသိန်းမြင့်က ပြောသည်။

ဘင်္ဂလားပင်လယ်အော်မှ ဝင်လာမည့် ထိုမုန်တိုင်းအခြေအနေကို စောင့်ကြည့်နေသော မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း လေတိုက်နှုန်း အရှိန်ပြင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိသွားပြီဟု ညနေ ၅း၃ဝ တွင် ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သတိပေး ရေးသားထားသည်။

Show More

Related Articles

Back to top button