ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့တွင် ၂၀၂၁ ခုနှစ်အတွင်းက မီတာခပေးရန် ကြွေးကျန်ရှိသည်ဟု ဆိုကာ လျှပ်စစ်ဌာနက ငွေတောင်းခံနေပြီး မပေးပါက မီးဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း မြို့ခံများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဌာန ဝန်ထမ်းများက မြို့ပေါ်တွင် ထိုသို့ တောင်းနေခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့မှာ လတိုင်း မီတာခဆောင်တယ်။ ဒါပေမဲ့ ၂၀၂၁ က မီတာခ မဆောင်လို့ဆိုပြီး မီးဖြတ်တယ်။ မီးပြန်ရစေချင်ရင် လျှပ်စစ်ရုံးလာခဲ့ဆိုလို့ သွားလိုက်တော့ ငွေပေးခဲ့ရတယ်။ ၆ လစာ မီတာခ တစ်သိန်းနဲ့ ခြောက်သောင်းကျော် ဆောင်ခဲ့ရတယ်” ဟု သူက ပြောသည်။
မြို့ပေါ်နေသူ အများစုက ထိုနှစ်အတွင်း မီတာခ ပေးဆောင်ထားပြီးဖြစ်ပြီး ယခုအခါ ကြွေးကျန်ဟု ဆိုကာ ကျပ်သိန်းဂဏန်းခန့် တောင်းခံနေခြင်း ဖြစ်သည်ဟု သိရသည်။
ရပ်ကွက် ၅ ခုရှိသော ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် အနည်းဆုံး အိမ်ခြေ ၂၀ ထက်မနည်း ထိုသို့ စွပ်စွဲတောင်းခံရကြောင်း သိရသည်။
ထိုလုပ်ရပ်အပေါ် မကျေနပ်သော်လည်း မီးဖြတ်ခံထားရမည်ကို စိုးရိမ်၍ မီတာခ ပေးဆောင်ခဲ့ရသည်ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
“ကျွန်မတို့က ပေးပြီးပြီပြောတော့ မီတာခသွင်းတဲ့ ဖြတ်ပိုင်းကို ပြရမယ်တဲ့။ မပြနိုင်ရင်တော့ ငွေသွင်းရမယ်လို့ ပြောပါတယ်။၂၀၂၁ ကပင်ဆိုတော့ ဖြတ်ပိုင်းက ဘယ်လိုရှိတော့မှာလဲ။ ဆိုတော့ ပေးခဲ့ရတယ်။ သူတို့လည်း ညနေပိုင်းကျတော့ မီးပြန်ပေးတယ်” ဟု မြို့သစ်ရပ်ကွက်မှ ထိုအမျိုးသမီးက ဆိုသည်။
စံပြရပ်ကွက်မှ အမျိုးသားတစ်ဦးကလည်း လစဉ်လတိုင်း မီတာခ ငွေပေးသွင်းနေသော်လည်း ထိုသို့ တောင်းခံနေသောကြောင့် ၉ လစာအတွက် သုံးသိန်း ပေးလိုက်ရသည်ဟု ဆိုသည်။
မီးဖြတ်ခံရပြီး လုပ်ငန်းလည်ပတ်မှု နှောင့်နှေးမည်ကို စိုးရိမ်၍ ပေးလိုက်ခြင်းဖြစ်သည်ဟု သူက ပြောသည်။
“မီတာခပေးထားတာကို မပေးရသေးဘူးဆိုပြီး ပြောတယ်။ လက်ကျန်စာရင်းပုံစံမျိုးနဲ့ လာတာပါ။ အမှန်တကယ်တော့ ပေးပြီးသားပါ။ ကျွန်တော်တို့က အမှားလုပ်တာမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်၊ လျှပ်စစ်ဦးစီးဌာန ဦးစီးမှူး ဦးမိုးကျော်သူကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
၂၀၂၁ တွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီယန္တရား မလည်ပတ်နိုင်စေရန် မီတာခ အပါအဝင် အခွန်မပေးဆောင်သော နည်းလမ်းဖြင့် နိုင်ငံအနှံ့ ဆန့်ကျင်ခဲ့ကြသည်။
နှစ်နှစ်ကြာ စစ်ပွဲပြီးစ ရခိုင်ဒေသသည် ထိုလှုပ်ရှားမှုတွင် မပါဝင်ဘဲ ကွဲပြားခဲ့သည်။
ရန်ကုန် အပါအဝင် ဒေသတချို့တွင် စစ်ကောင်စီက မီတာခနှင့် အခွန်များ ကောက်ခံရန် ကြိုးပမ်းလာချိန် မြို့ပြပြောက်ကျားအဖွဲ့များ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ မီတာခတောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ထိုလှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ထို့နောက် မြို့ပြပြောက်ကျားအဖွဲ့ဝင် ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုအများပြား ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုနှစ် နှစ်ဆန်းမှစ၍ မီတာခများ ပြန်ကောက်ရန် စစ်ကောင်စီက ကြိုးပမ်းလာသည်။
ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်ကလည်း မန္တလေးတွင် မီတာဖြုတ်သိမ်းခံထားရပြီးဖြစ်သည့် အိမ်များကို အာဏာသိမ်းပြီး နှစ်နှစ်စာ ဓာတ်အားခ ကြွေးကျန်ဟုဆိုကာ ကျပ်သိန်း ဆယ်ဂဏန်းထက်မနည်း ပေးဆောင်ရန် စစ်ကောင်စီက ဖိအားပေးထားသည်ဟု သိရသည်။
ထိုကိစ္စကဲ့သို့ အလားတူ ကြွေးကျန်ဟု အမည်တပ်ကာ ရခိုင်ဒေသတွင် ထပ်မံကောက်ခံရန် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြိုးပမ်းလာသည်။
ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လှုပ်ရှားမှုများ မရှိပေ။ သို့သော်လည်း AA က နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့များကို အကူအညီများ ပေးနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)