သတင်း

PDF ကို ကူညီသည်ဆိုကာ အင်းတော်ဒေသခံ ၃ ဦး ဖမ်းခံရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဆက်သွယ်၊ ကူညီသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း အင်းတော်မြို့မှ ဒေသခံ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသည်။

ဇန်နဝါရီ ၂၃ ရက်တွင် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်နေထိုင်သည့် စာရေးကိရိယာရောင်းချသူ ဦးချစ်ကိုကို (ခ) ဦးဖိုးစီကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်သည့် စာသင်ကျောင်းများသို့ ဗလာစာအုပ်နှင့် စာရွက်စာတမ်းများလှူသည်ဟု စစ်ကောင်စီက စွပ်စွဲထားကြောင်း အင်းတော်-PDF အဖွဲ့က ပြောသည်။

ထို့အပြင် ဇန်နဝါရီ ၂၄ ရက်တွင် အင်းတော်မြို့နယ် ရဲမှူး၏ တပည့်ဟု နာမည်ကျော်သူ ကိုဝင်းမိုးဆိုသူကို ဒေသခံ မြို့ပြပြောက်ကျားအဖွဲ့က ထမင်းဆိုင်တစ်ဆိုင်မှ ဖမ်းခေါ်သွားနောက် စစ်ကောင်စီက ဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို ဖမ်းဆီးထားသည်ဟု အင်းတော်-PDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်သစ်ဆုံစားသောက်ဆိုင်သို့ သွားသည့် ထိုသူ့ကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ဆိုင်ပိုင်ရှင် ဦးမြဝင်း (ခ) ကံထူးအောင်နှင့် ဇနီး ဒေါ်စန်းစန်းကြည် (ခ) ဒေါ်သစ်ဆုံတို့ သတင်းပေးမှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“(မြို့နယ်မှူးအတွက် ကိုဝင်းမိုးက) ထမင်းဝယ်ပေးတာ၊ ဝယ်ပေးလို့ အပြန်မှာ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတာ၊ ဖမ်းသွားတော့ မြို့နယ်မှူးက သောင်းကျန်းပြီးတော့ ဆိုင်ရှင် လင်မယားနှစ်ယောက်ကို ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။

ကိုဝင်းမိုးသူမှာ စစ်ကောင်စီသတင်းပေးဖြစ်ပြီး ၎င်းကြောင့် တော်လှန်ရေးသမားများ ဖမ်းဆီးခံရသည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းများပါ ထွက်ပြေးနေရသည်ဟု ထိုသူက ဆက်ပြောသည်။

လက်ရှိတွင် ဦးချစ်ကိုကို၊ ဦးမြဝင်းနှင့် ဒေါ်သစ်ဆုံတို့ကို အင်းတော်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူ အသက် ၄၀ အရွယ် အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“အဲဒီ ဒေါ်သစ်ဆုံတို့ လင်မယားက ရိုက်နှက်ခံထားရတယ်။ ပါးတွေရိုက်ခံထားရတာ မျက်နှာတစ်ခုလုံး ဖူးရောင်နေတယ်တဲ့။ အခုထိ အင်းတော်ရဲစခန်းထဲမှာပဲ။ ထမင်းဆိုင်လည်း ပိတ်ထားလိုက်ရတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၂၇) နံနက်တွင် အင်းတော်မြို့ပေါ်၌ အစစ်အဆေးများ ပုံမှန်အတိုင်းရှိနေပြီး စစ်ကောင်စီစစ်ကြောင်းနှစ်ခု မြို့တောင်ဘက်တွင် စစ်ရေးလှုပ်ရှားနေသည်ဟု သိရသည်။

အင်းတော်မြို့နယ်သည် စစ်ကိုင်းတိုင်းမြောက်ဘက် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေသည့် မြို့နယ်တစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ရာတွင် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်စသည့် မြို့နယ်များကို မဖြစ်မနေဖြတ်သန်းနေရပြီး ၎င်းမြို့နယ်များမှ ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီကို အဆက်ပြတ်တိုက်ခိုက်နေကြသည်။

အထက်ပါ ဖြစ်စဉ်များ၊ စွပ်စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီ ဖမ်းဆီးခဲ့သူများ။ (ဝဲမှယာ – ဦးချစ်ကိုကို၊ ဒေါ်စန်းစန်းကြည်၊ ဦးမြဝင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button