
နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-က ဖြင့် တနင်္သာရီတိုင်း မြိတ်ထောင်တွင် ထောင် ၃ နှစ်ချခံထားရသည့် CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာဖြင့် လွှတ်ပေးပြီးမှ ထောင်ဘူးဝတွင် ပြန်ဖမ်းဆီးခဲ့သည်။
ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့က ခြွင်းချက်နှင့် လွတ်မြောက်သည့် အကျဉ်းသား ၇၀၀၀ ကျော် စာရင်းတွင် ပါဝင်သည့် ဒေါက်တာမင်းထက်ပိုင် အမည်လည်း ပါဝင်သည်ဟု မြိတ်မြို့ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“သူက လွတ်လာပြီးပြီ။ အရပ်ဝတ်တွေတောင် လဲထားပြီးပြီ။ ထောင်ဘူးဝရောက်မှ ရဲစစ်ချက်ယူမယ်ဆိုပြီး ပြန်ပြီးတော့ ဆွဲထားလိုက်တာ။ ဘယ်ပုဒ်မလဲဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူးခင်ဗျ” ဟု ထို့နေ့က မြိတ်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် မျက်မြင်သက်သေများကို ကိုးကား၍ ၎င်းက ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် မြိတ်မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်ပိုင်မှာ ၂၀၂၁ ဧပြီတွင် ဖမ်းဆီးခံရပြီး မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က မြိတ်မြို့နယ်တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ အားမကောင်းသေးသဖြင့် လက်ရှိတွင် ဆန့်ကျင်သူအများစုကို စစ်ကောင်စီက စွဲဆိုနေသည့် အကြမ်းဖက်ပုဒ်မကဲ့သို့ အခြားအမှုထပ်တပ်ရန် မဖြစ်နိုင်ကြောင်း ထိုသူက ဆိုသည်။
“အရင်ကတည်းက ကပ်မယ်ဆို ကပ်ပေါ့။ အခု လွတ်ခါနီးမှ နောက်အမှုတွေကပ်တယ်။ တချို့ဟာဆို တော်တော်လေးသရုပ်ပျက်တယ်။ ထောင်ဘူးဝရောက်မှ (အမှု) ပြန်ကပ်တဲ့ကိစ္စတွေက မျှော်လင့်ချက်တွေ ရိုက်ချိုးသွားသလိုဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်တွင် မြိတ်ထောင်မှ ၈၂ ဦးအပါဝင် တနင်္သာရီတစ်တိုင်းလုံးတွင် အကျဉ်းသားစုစုပေါင်း ၂၅၃ ဦး လွတ်မြောက်ခဲ့ကာ ထိုထဲတွင် နိုင်ငံရေးအကျဉ်သား ၆၀ ပါဝင်ကြောင်း တနင်္သာရီအခြေစိုက် Dawei Watch သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီ ၅ အထိ စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ ၂,၇၀၀ ကျော်၊ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၂၈၄ ဦးရှိကြောင်း ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)