သတင်း

NUG လက်အောက်ခံ ရှမ်းတောင် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၀၀၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးကို ၂၀၂၂ ဒီဇင်ဘာ ၃၁ က ဟဲဟိုးမြို့စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဆရာကျောင်း ခေါ် ဇော်ဇော်အောင်နှင့် အိုက်ရွန် ဆိုသူတို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိ၍ ၎င်းတို့၏ အသက်အန္တရာယ် စိုးရိမ်ကြောင်း ၁၀၀၅ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ဘတာဆိုသူက Myanmar Now ကို ပြောသည်။

၎င်းတို့ကို ဖမ်းဆီးရာတွင် စစ်တပ်အပြင် စစ်ကောင်စီဩဇာခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ပါဝင်ဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ ရအောင်စုံစမ်းနေတယ်။ စုံစမ်းလို့ ပါတာသေချာတယ်ဆိုရင် အဲဒီအဖွဲ့စည်းရဲ့ အဲဒီတပ်ရင်းတပ်ခွဲကိုပါ ရအောင်စုံစမ်းပြီးတော့ သတင်းထုတ်ပြန်ပါမယ်” ဟု ၎င်းက ပြောသည်။ 

ပါဝင်သည့်အဖွဲ့ကို တုံ့ပြန်တိုက်ခိုက်မည်ဟု ဆိုသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် တော်လှန်ရေးအဖွဲ့များလှုပ်ရှားနေကြသည်။

ရှမ်းတောင် PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- ၁၀၀၈ တပ်ရင်း-SSRY)

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတိုးမြင့်သလို ရှမ်းပြည်နယ်တောင်ပိုင်းတွင် တော်လှန်ရေးအဖွဲ့ဝင်များ ဆက်တိုက်ဖမ်းဆီးခံရမှုများရှိလာကာ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလာကြောင်း ထိုဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဝက်ခန့်ကလည်း ရွာငံမြို့နယ်တွင် လှုပ်ရှားသည့် ရွာငံမြို့ပြပြောက်ကျား (YUG) အဖွဲ့ဝင်အချို့ အဖမ်းခံရပြီးနောက် ၎င်းတို့စခန်းတစ်ခု စီးနင်းခံရကာ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးသွားသည်။

နိုင်ငံအလယ်ပိုင်းနှင့် ချိတ်ဆက်ရန် မဟာဗျူဟာကျသည့် ရှမ်းပြည်တောင်ပိုင်းဒေသကို စစ်ကောင်စီက ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) တာဝန်ရှိသူ ခွန်သီဟထူးဇော်က ဆိုသည်။

“အဓိကက ရှမ်းတောင် အောင်ပန်း၊ ကလောပေါ့။ အဲဒီလမ်းမကြီးတွေက သူတို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖြစ်တဲ့အတွက် ဒါကို ကာကွယ်ချင်တယ်။ ထိန်းသိမ်းချင်တယ်” ဟု ရှမ်းတောင်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့၏တာဝန်ရှိသူက ဆိုသည်။ 

အလားတူ ပအိုဝ်းဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သည့် PNO/PNA နှင့် စစ်ကောင်စီတပ်များက အင်အားတိုးမြှင့်ထားသည်ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကာလအတော်ကြာ တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ စက်တင်ဘာတွင် ဆီဆိုင်မြို့နယ် နောင်ထော်ရွာအနီး စစ်ကောင်စီ၏ သီးသန့်အထိုင်စခန်းနှစ်ခုကို မဟာမိတ်တပ်ရင်း ၅ ခုစုဖွဲ့၍ ပထမဆုံးအကြိမ် စစ်မျက်နှာဖွင့်တိုက်ခိုက်ခဲ့သည်။

ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုအဖြစ် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ၊ PDF တပ်ရင်းတစ်ခုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button