တောင်ကြီးမြို့ တောင်လေးလုံးအကျဉ်းထောင်တွင် တစ်နှစ်ကြာ အကျဉ်းကျနေသည့် ဦးအောင်ဇော်ဦးသည် ပြီးခဲ့သည့် တစ်ပတ်ခန့်တည်းက ကျန်းမာရေးမကောင်းသဖြင့် စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူစဉ် ယမန်နေ့ (စက်တင်ဘာ ၆) နံနက်က သေဆုံးသွားသည်ဟု သိရသည်။
ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SSPDF/UG) ၏ နာယကဖြစ်သူ ၄၃ နှစ်အရွယ် ဦးအောင်ဇော်ဦး (ခ) မိုဟာမက်ဖွာရူးက်သည်
“အရင်က စစ်ကြောရေးမှာ ရခဲ့တဲ့ ဒဏ်တွေကြောင့် ဆုံးတာပါ။ (စစ်ကြောရေးတုန်းက) နံရိုးနှစ်ချောင်းကျိုးတယ်” ဟု SSPDF/UG အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ဦးအောင်ဇော်ဦးကို ၂၀၂၁ ဩဂုတ် ၅ တွင် ဖမ်းဆီးခဲ့ပြီး ၂၀၂၂ မေတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြင့် ထောင် ၇ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးအောင်ဇော်ဦးသည် မြေအောက်တော်လှန်ရေးလုပ်ငန်းတွင်လည်း ပါဝင်ခဲ့ပုံရကြောင်း၊ ဖမ်းဆီးခံရစဉ်က စကားပြောစက်သာ လက်ဝယ်တွေ့ရှိသည်ဟု သိရကြောင်း သူ၏မိတ်ဆွေတစ်ဦးဖြစ်သူ ဦးစည်သူမောင်က ပြောသည်။
“(နွေဦးတော်လှန်ရေးမှာ) ကျွန်တော်နဲ့လည်း အဆက်အသွယ်မပြတ်ရှိနေတော့ ကျွန်တော်ကူညီပေးနိုင်တာ ချိတ်ဆက်ပြီး ကူညီပေးခဲ့တာရှိတယ်။ သူက ပရဟိတစိတ်လည်းရှိတယ်။ သူ့ရဲ့ လူငယ်ကွန်ရက်ကလေးနဲ့ ပရဟိတလုပ်နေတာ ရှိတယ်” ဟု ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောသည်။
ဦးအောင်ဇော်ဦးသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင်လည်း ၎င်းနှင့်အတူတွဲ၍ စေတနာ့ဝန်ထမ်း လုပ်ခဲ့ဖူးသည်ဟု သူက ဆက်ပြောသည်။
ဦးအောင်ဇော်ဦး၏ ဈာပနကို အစ္စလာမ်ဘာသာဝင် ထုံးစံဖြင့် ယနေ့ ပြုလုပ်ခဲ့ကြောင်း ဦးစည်သူမောင်က ဆက်ပြောသည်။
၂၀၀၇ တွင် ထောင် ၆ နှစ် ချမှတ်ခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ဇော်ဦးသည် လားရှိုးအကျဉ်းထောင်တွင် ၄ နှစ် နေခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လွတ်လာကြောင်း သိရသည်။
CRPH, NUG တို့နှင့် ချိတ်ဆက်ပြီး SSPDF နှင့် Taunggyi PDF ကို ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သင်တန်းသားများစေလွှတ်ခြင်း၊ ရိက္ခာနှင့် ငွေကြေး ထောက်ပံ့ခြင်း၊ NUG, CRPH တို့၏ အကူအညီဖြင့် CDM ဝန်ထမ်းများကို ငွေကြေးထောက်ပံ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သူ့ကို စွပ်စွဲထားသည်။
ထိုစဉ်က ဦးအောင်ဇော်ဦးအပါအဝင် ကိုအောင်နိုင်ဖြိုး(ခ)ဖြိုးကြီး၊ စိုင်းဟိန်းထက်ကျော်(ခ)ကျိုင်းကျိုင်း(ခ) စိုင်းစိုင်း၊ ကိုလင်းကိုကို(ခ)သားလေး၊ မဖြူဖြူစံ(ခ)မဖြူ၊ မကေသီစိုးနှင့် မဖြိုးမြတ်သွယ်တို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ ဦးအောင်ဇော်ဦးအပါအဝင် ပြည်သူ ၂၂၆၆ ဦး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းများအရ သိရသည်။
ယခုနှစ် နှစ်ဆန်းမှ စတင်၍ ဒေသခံကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုရှိလာသော ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားသုံး ဖိနှိပ်မှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ကလည်း ရွာငံမြို့ပြပြောက်ကျား (YUG) ခေါင်းဆောင်နှင့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ခေါင်းဆောင် နှစ်ဦး ညောင်ရွှေမြို့၌ ဖမ်းဆီးခံခဲ့ရသည်။
ဩဂုတ် ၁၃ တွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တဲလုကျေးရွာအနီး စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်က ခရီးသွားနေသည့် ကျောက်ဆည်ခရိုင် PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်း၊ ၃၃ နှစ်အရွယ် ကိုချစ်ညီအောင်နှင့် နောက်တစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)