ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့သွားရာ ကားလမ်းဘေးရှိ တောင်စွန်းရွာ အခြေစိုက် စစ်ကောင်စီစခန်းများ သိမ်းနိုင်ရေး သုံးရက်ကြာ တိုက်ခိုက်နေရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဘက်မှ ၁၀ ဦးခန့် အကျအဆုံးရှိကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ၎င်းတို့၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA သည် ဇန်နဝါရီ ၁ ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ယနေ့ (ဇန်နဝါရီ ၃) တွင် ပြောသည်။
“တိုက်ပွဲက ပြင်းထန်တယ် ပြောလို့ရပါတယ်။ လေကြောင်းနဲ့ အမြောက်ကြီးတွေ သုံးတယ်ဆိုတော့ သူ့အဆင့်နဲ့ သူပေါ့။ အရေးပါတဲ့နေရာတွေတော့ (KNLA,PDF ဘက်က) ရထားပြီလို့ သိရတယ်။ သို့သော် အဆုံးအဖြတ်အဆင့် သတ်မှတ်လို့ မရသေးပါ” ဟု သူက Myanmar Now ကို ပြောသည်။
သုံးရက်တာတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်များဘက်က ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားသည်၊ စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေကို အတိအကျ မသိရသေးကြောင်း ပဒိုစောလစ္စတန်က ဆိုသည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိသည့် ဘုရားသုံးဆူ တောင်စွန်းရွာအနီးတွင် တောင်စွန်း၊ အနန်းကွင်း၊ လွတ်ရှမ်း စသည့် စစ်ကောင်စီအခြေစိုက်စခန်း သုံးခုရှိသည်။
ထိုစခန်းများ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် တုံ့ပြန်တိုက်ခိုက်နေသည်ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ရတဲ့စခန်းက မဆုတ်တမ်းခံစစ်ဆိုတော့ နည်းနည်းခက်နေတယ်။ စခန်းပတ်ပတ်လည်မှာ ပဒေသာမိုင်းတွေ ထောင်ထားတယ်။ ပြီးတော့ လေယာဉ်ပစ်ကူက တရစပ် လာပြီးတော့ အတွဲလိုက်ကို ပစ်တာ။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးဘူး” ဟု သူက ဆိုသည်။
အဆိုပါ ဗျူဟာစစ်ကြောင်းသည် စောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA) လက်အောက်ခံတပ်ဖြစ်ပြီး တောင်စွန်းရွာတိုက်ပွဲတွင် KNLA,PDF ပူးပေါင်းတပ်များနှင့်အတူ ပါဝင်တိုက်ခိုက်နေသည်။
တောင်စွန်းရွာအနီးမှ စခန်းနှစ်ခုကို သိမ်းထားနိုင်ကြောင်း အထက်ပါစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး KNU, PDF တို့က အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။
Lion Battalion Commando- ဗျူဟာစစ်ကြောင်းက တိုက်ပွဲရက်ရှည်လာသည်နှင့်အမျှ လက်နက်ခဲယမ်း လိုအပ်ချက်များလာသည်၊ ၎င်းတို့ စစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်(ခ)အနဲ သေဆုံးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှာ ဇန်နဝါရီ ၁ တွင် ၈ ကြိမ်၊ ဇန်နဝါရီ ၂ တွင် ၄ ကြိမ်၊ ဇန်နဝါရီ ၃ တွင် ၁ ကြိမ် ရှိသည်ဟု KNU က ဆိုသည်။ ထိုတိုက်ခိုက်မှုများအတွင်း ဒေသခံအချို့ မည်သို့ ထိခိုက်သည်ကို မသိရသေးပေ။
တိုက်ပွဲများနှင့် လေကြောင်းရန်ကြောင့် တောင်စွန်းရွာဒေသခံများသည် ပိုမို အန္တရာယ်ကင်းနိုင်မည်ဟု ယူဆရသည့် နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဘုရားသုံးဆူမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ဘေးရှောင်ပြီး တောထဲမှာ အိပ်နေရတာ အယောက်တစ်ရာနီးပါးလောက် ရှိတယ်။ အများစုက အမျိုးသမီးနဲ့ ကလေးတွေချည်းပဲ” ဟု သူက ဆိုသည်။
၂၀၂၂ ဒီဇင်ဘာ ဒုတိယပတ်မှစ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့သို့ သွားရာ လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်နေရာ ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)