သတင်း

ကျောင်းသားလူငယ်နှင့် တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချ

နှစ်မကုန်မီ ဒီဇင်ဘာလအတွင်း အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသည့် ကျောင်းသားလူငယ်များနှင့် တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချနေသည်။

Myanmar Now က လက်လှမ်းမီသမျှ စုံစမ်းထားသည့် စာရင်းများအရ ဒီဇင်ဘာ ၂၉ ရက် တစ်ရက်တည်း၌ပင် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၄ ဦးရှိပြီး အနိမ့်ဆုံးပြစ်ဒဏ် ၉ နှစ်မှ အမြင့်ဆုံး ၉၆ နှစ်အထိ ချခံရသူပင် ပါဝင်သည်ကို တွေ့ရသည်။

ဒီဇင်ဘာ ၂၆ ရက်မှ ယနေ့အထိ စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးများက ထောင်ဒဏ်ချလိုက်သူများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့လည်း ပါဝင်ပြီး ရက်စွဲအလိုက် စုစည်းဖော်ပြလိုက်သည်။

ဒီဇင်ဘာ ၃၀

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင် လက်ကျန် ငါးမှုအတွက် ထောင်ဒဏ် ၇ နှစ်ချလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌကို အာဏာသိမ်းစစ်တပ်က နှစ်ပေါင်း ၂၀၀ ကျော်အထိ ချနိုင်သော ပုဒ်မပေါင်းများစွာဖြင့် အမှုပေါင်း ၁၉ မှုအထိ စွဲဆိုခဲ့ခြင်းဖြစ်ကာ အပြီးသတ်အမိန့်ချပြီးချိန်တွင် စုစုပေါင်း ထောင် ၃၃ နှစ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နည်းတူ သမ္မတဦးဝင်းမြင့်ကိုလည်း လက်ကျန်ငါးမှုအတွက် ထောင်ဒဏ် ၇ နှစ် အပြီးသတ်အမိန့်ချခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ ၎င်းတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပြီး အယူခံဆက်တက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ အခြားနေရာသို့ ပြောင်းရွှေ့မည်ဟုလည်း သိရသည်။

ဒီဇင်ဘာ ၂၉ ရက်

ယမန်နေ့တွင် စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် နှစ် ၅၀ မှ ၁၀၀ နီးပါးအထိ ကျခံရန် တက်ကြွလှုပ်ရှားသူ ၉ ဦးကို ပြစ်ဒဏ်ချမှတ်သည်။ ထိုသူများကို လက်နက်ဥပဒေ၊ မတရားသင်းဆက်သွယ်မှုပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများစွာဖြင့် စွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်နက်ဥပဒေပုဒ်မ ၁၉ (စ)၊ မတရားသင်းဆက်သွယ်မှု ၁၇ (၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၄ ဖြင့် အနှစ် ၂၀၊ ပုဒ်မ ၅၀ (ဈ) ဖြင့် ၁၅ နှစ်၊ ပုဒ်မ ၅၁ (ဂ) တို့ဖြင့် စစ်ကောင်စီတရားရုံးက ပြစ်ဒဏ်ချခြင်းဖြစ်သည်။

ပြစ်ဒဏ်ချခံရသူ ၉ ဦးတွင် ကိုကျော်စိုးလင်းမှာ အမြင့်ဆုံးပြစ်ဒဏ် ၉၆ နှစ်၊ ကိုဝေယံပိုင် ၉၄ နှစ်၊ ကိုရဲရင့်ကို ၉၁ နှစ်၊ ကိုစည်သူဖြိုးနှင့် ကိုကျော်ကျော်ခန့် ၉၁ နှစ်စီ၊ ကိုအောင်ငြိမ်းချမ်း ၈၈ နှစ်၊ ကိုလမင်းထွန်း ၅၄ နှစ် ကိုဇော်ကိုကိုဝင်း ၅၃ နှစ် ကိုရဲရင့်ဘို ၅၁ နှစ်တို့ ကျခံရန် ပြစ်ဒဏ်ချသည်။

ထိုသူများသည် စက်တင်ဘာ ပြီးခဲ့သည့်နှစ် စက်တင်ဘာ တတိပတ်အတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် တစ်နှစ်ကျော်အကြာတွင် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ် ၅ ဦးကို စစ်ကောင်စီ၏ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ ဖြင့်‌ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ဒီဇင်ဘာ ၂၉ က အမိန့်ချမှတ်သည်။

ပြစ်ဒဏ်ချခံရသူများမှာ ပန်းဘဲတန်းမြို့နယ် လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌဟောင်း မဝင်းထက်မာ (ခ) အမာ၊ ကိုကျော်ဇင်လင်း၊ ကိုသူရအောင်၊ ကိုဝင်းထိုက်ကိုကို၊ ကိုမင်းဟိန်းသူတို့ဖြစ်သည်။ သူတို့သည် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် သမိုင်းမြို့ဟောင်း (၈) လမ်းရှိ ဘုရင့်နောင် ကမ္ဘာ့ရတနာဘဏ်ခွဲ(၂) ကို ငွေကျပ် ၁၁၇၉ သိန်း ဓားပြတိုက်ခဲ့သည် ဆိုကာ ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးအပါအဝင် လူငယ် ၇ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ က ပုဒ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅ ဖြင့်‌ပင် စစ်ကောင်စီ၏ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားပြီးဖြစ်သည်။ ထိုပြစ်ဒဏ်သည် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ငွေကျပ် ၁၈၅ သိန်း ဓားပြတိုက်မှု ကျူးလွန်သည်ဆိုကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဘဏ်ဓားပြတိုက်သည်ဆိုကာ ပြစ်ဒဏ်ချခံရသည့် လူငယ်များ မဝင်းထက်မာ၊ ကိုကျော်ဇင်လင်း၊ ကိုဖြိုးဟိန်းကျော်နှင့် ကိုသူရအောင် − ဝဲမှယာ

ဒီဇင်ဘာ ၂၈

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း(ခ) လင်းလင်းကို အင်းစိန်ထောင်တွင်းအထူးတရားရုံးက ယခုလ ၂၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၄၂၀-က နှင့် ၄၆၈ တို့ဖြင့် ထောင် ၂ နှစ်၊ နိုင်ငံအကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခဲ့သည်။ 

မဆုရည်လင်း(ခ) လင်းလင်းသည် ၂၀၂၁ ဒီဇင်ဘာလအတွင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထောင်ဒဏ် ၅ နှစ်ကျခံရသည့် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း

ဒီဇင်ဘာ ၂၇ 

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေပညာ ဒုတိယနှစ်ကျောင်းသူ မရွှေရည်ဝင်းကို ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်၊ စိတ်ပညာ ဒုတိယနှစ်ကျောင်းသား မောင်ဉာဏ်ဝင်းထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၁-ဂ ဖြင့်ထောင်ဒဏ် ၈ နှစ်၊ စုစုပေါင်း ၁၅ နှစ်၊ အရှေ့တိုင်းပညာ အထူးပြုကျောင်းသား မောင်လင်းထက်ကိုကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည ဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အင်းစိန်ထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြစ်ဒဏ်ချသည်။

ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ကျခံရသည့် ကျောင်းသား/သူများ (မရွှေရည်ဝင်း၊ကိုဉာဏ်ဝင်းထက်၊ကိုလင်းထက်ကိုကို−ဝဲမှယာ)

ဒီဇင်ဘာ ၂၆

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကုန်ထုတ်ဓာတုဗေဒ စတုတ္ထနှစ်ကျောင်းသား ကိုကောင်းခန့်နိုင်၊ အဝေးသင်ဥပဒေ ဒုတိယနှစ်ကျောင်းသား ကိုသီဟအောင်၊ အဝေးသင်မြန်မာစာ ဒုတိယနှစ်ကျောင်းသား ကိုဟိန်းထက်ဇော်၊ ကျောင်းသားဟောင်း ကိုဖြိုးကောင်းထိုက်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၂၆ နှစ်၊ အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်ကျောင်းသား ကိုအေးမင်းထိုက်ကို  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံရန် စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်တွင် အမိန့်ချသည်။

ကြီးလေးသော ပုဒ်မများဖြင့် ထောင်ဒဏ်များကျခံရသည့် ကျောင်းသားများ (ကိုကောင်းခန့်နိုင် − မျက်မှန်နှင့် အပေါ်လူ)၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော် (အလယ်လူ)၊ ကိုဖြိုးကောင်းထိုက်နှင့် ကိုအေးမင်းထိုက်(မျက်မှန်နှင့် အောက်လူ)

“ကျွန်မတို့ရဲဘော်တွေဟာ ရပ်တည်ချက်ချက်ခိုင်မာတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် ကျမတို့ အကျဉ်းထောင်အသီးသီးက မတရားအဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ပြည်သူလူထုနဲ့အတူ အမှန်တရား တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေမှာပဲ ဖြစ်ပါတယ်” ဟု မိတ်ဆွေ ကျောင်းသား၊ ကျောင်းသူများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၂၁၇ ဦးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားသည့် စာရင်းများတွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button