သတင်း

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်အားလုံးနီးပါး ပြန်လွတ်

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်များနှင့် တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုမူ ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီး ထိုနေ့ညဦးပိုင်းတွင် မြန်အောင်မြို့နယ်၊ သပြေကုန်းရွာနေအိမ်သို့ ပြန်ရောက်လာသည်ဟု မိသားစုနှင့် နီးစပ်သူက Myanmar Now ကို အတည်ပြုသည်။

လက်ရှိတွင် တရားစွဲခံထားရသည့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကလွဲ၍ တိုင်းအစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးပြီး ၂ နှစ်နီးပါး အကြာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။  

ဆက်လက်ထိန်းသိမ်းခံထားရသူ ဒေါက်တာလှမြတ်သွေးကိုမူ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ ဖြင့် စစ်ကောင်စီက တရားစွဲထားသည်ဟု အမည်မဖော်လိုသူ တိုင်းလွှတ်တော်အမတ်တစ်ဦးနှင့် မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာလှမြတ်သွေးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အာဏာဖီဆန်ပြီး ဝန်ထမ်းများ CDM လုပ်ကြရန် ၎င်းလက်မှတ်ဖြင့် စာတစ်စောင် ထုတ်ပြန်ခဲ့သည့်အတွက် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆက်လက် ဖမ်းဆီးခံထားရသည့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး

ဝန်ကြီးချုပ် ဦးလှမိုးအောင် ပြန်မလွတ်မီ ရက်ပိုင်းအတွင်းကလည်း တိုင်းအစိုးရအဖွဲ့ဝင်အချို့နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်ဟု ဧရာဝတီတိုင်းမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်နှစ်ဦးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များမှာ လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေး၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း၊ လဝကဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုဥက္ကဋ္ဌ ဦးစန်းထွေးတို့ ဖြစ်ကြသည်။ 

၎င်းတို့ အားလုံးကို စစ်ကောင်စီက ပုဒ်မတပ်၊ တရားစွဲခြင်း တစ်စုံတစ်ရာ မရှိဘဲ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း တိုင်းလွှတ်တော်အမတ်များက ပြောသည်။

“အမှုလည်း ရှာမရ၊ လွှတ်လိုက်ရင်လည်း သူတို့အတွက် ပြဿနာမရှိဘူးလို့ ယူဆတဲ့သူတွေကို လွှတ်လိုက်တာ ထင်တယ်။ ဧရာဝတီတိုင်းရဲ့ လက်ရှိအနေအထားကလည်း ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထက် သူတို့ ထိန်းချုပ်ရတာ လွယ်နေတဲ့အပေါ်မှာ လွှတ်ပေးတာလည်း ဖြစ်နိုင်တယ်” ဟု ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ဦးဇော်မင်းသိန်းက မှတ်ချက်ပြုသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များသည် စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပုသိမ်မြို့၊ လေယာဉ်ကွင်းအနီးရှိ တိုင်းအစိုးရအဖွဲ့အိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ထိုသူများကို ယခု ပြန်လွှတ်ပေးလိုက်ခြင်းသည် ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲလုပ်ရန် စစ်ကောင်စီက ခြေလှမ်းပြင်လာခြင်းဟု ကရင်လူငယ်တက်ကြွလှုပ်ရှားသူ မြစ်ဝကျွန်းပေါ်သား စောအဲလ်ဘတ်ချိုက ဆိုသည်။

“အခြားနယ်မြေတွေမှာ ပုန်ကန်မှုတွေက ရာနှုန်းပြည့်ပဲရှိတယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာက အဲ့လိုမရှိဘူး။ ဒီလိုနေရာမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သူကောင်းကောင်းလုပ်နိုင်တယ်။ အဲဒါကြောင့် အစိုးရအဖွဲ့ဝင်လူတွေကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲကျင်းပမယ့်ပုံမျိုးဖြစ်နိုင်တယ်” ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစတင်၍ ၎င်းတို့အား ဆန့်ကျင်သည့် အရပ်သားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် သန်းခေါင်စာရင်းနှင့် လူဦးရေစာရင်း ကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် အစောပိုင်းကာလက စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ခဲ့ကြသော်လည်း လက်ရှိ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်မှု အားအနည်းဆုံး ဒေသတစ်ခု ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button