သတင်း

ရခိုင်ဒေသ အရပ်သားများ အစုလိုက်အပြုံလိုက်အသတ်ခံရမှုကိစ္စ NUG ထုတ်ပြန်

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာတွင် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးမှု၊ လူနေအိမ်များမီးလောင်ပျက်စီးမှုတို့နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့ (ဒီဇင်ဘာ ၂၇) တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၀ နံနက်က ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ပဒေသာရွာနှင့် ဆင်အင်းကြီးရွာအနီး ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ယင်းညနေမှာပင် ဆင်အင်းကြီးကျေးရွာအတွင်း ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်၊ မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

“AA ဘယ်မှာလဲ ထွက်ခဲ့ဆိုပြီး လူနေအိမ်တွေကို ပစ်ခတ်ဝင်ရောက်ခဲ့ကြတယ်။ အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး အဲဒီထဲက တစ်ဦးရဲ့ ခန္ဓာကိုယ်ကို အခုအချိန်ထိ ရှာဖွေတွေ့ရှိတာ မရှိသေးဟု” လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူအချို့၏ခန္ဓာကိုယ်များတွင် ဓားဒဏ်ရာများ တွေ့ရှိရခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ယူဆရကြောင်း ထုတ်ပြန်ချက်တွင် NUG ဘက်က ဖော်ပြထားသည်။ 

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားများကိုသတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်နေရာ AA  အခြေစိုက်ရာ ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေကိုပါ NUG က ဖော်ပြလာခြင်း ဖြစ်သည်။ 

၁၀ ဦး သေဆုံးခဲ့ကြောင်း၊ လူနေအိမ် ၇ လုံး မီးရှို့ခံရကြောင်း ဖော်ပြထားသည်။ AA ကလည်း ဒေသခံ ၉ ဦးထက်မနည်း သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။ 

ယင်းသတင်းနှင့် ပတ်သက်ပြီး Myanmar Now က ကနဦးသတင်းအဖြစ် လူ ၇ ဦး အသတ်ခံရကြောင်း၊ နေအိမ် ၇ လုံး မီးရှို့ခံရကြောင်း ယင်းနေ့မှာပင် ဖော်ပြခဲ့သလို ထိုစဉ်က သတ်ဖြတ်ခံရသူ ၈ ဦးနှင့် ၁၀ ဦး ကြားရှိနိုင်သည်ဟု ယူဆရကြောင်း ရွာခံများက ပြောထားသည်။ 

ယင်းနေ့တစ်နေ့တည်းမှာပင် ဆင်အင်းကြီးကျေးရွာဘက်သို့ ဦးတည်ကာ စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သလို ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်။

ဆင်အင်းကြီးကျေးရွာပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ NUG  ဘက်မှ ထုတ်ပြန်ထားချက်အား တွေ့ရစဉ်။

ထို့ကြောင့် အနီးနားကျေးရွာဖြစ်သော အိုင်ဒင်ကျေးရွာမှ အမျိုးသား ၂ ဦး သေဆုံးခဲ့သလို ၄ ဦး ဒဏ်ရာရခဲ့သည်။ 

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ခမရ ၅၅၀ ကို အပြင်းထန်ဆုံး မဖြစ်မနေလက်စားချေမည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က နောက်တစ်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျူးလွန်နေသော စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များထဲမှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်ခုပင်ဖြစ်သည်ဟု AA က ပြင်းပြင်းထန်ထန် ဆိုသည်။ 

ရန်ကုန် – စစ်တွေ အာရှကားလမ်းမကြီးဘေးရှိ ဆင်အင်းကြီးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိကာ ဒေသခံ ၁၀၀၀ ကျော် နေထိုင်ကြသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒေသခံများမှာ ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးရပြီး ဒီဇင်ဘာလ အတွင်းမှ နေရပ်သို့ ပြန်လည်အခြေချနေထိုင်ကြရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆင်အင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

“အခုက ကိုယ့်ရပ်၊ ကိုယ့်ရွာဖြစ်လို့ လာနေကြတဲ့သဘောပါပဲ။ နောက်ထပ် ဘယ်လိုပုံစံမျိုးတွေ ထပ်ဖြစ်လာမလဲဆိုတာကို ကြောင့်ကြစိုးရိမ်နေရတယ်။ အရင် အခုလိုမျိုး မဖြစ်ဖူးတော့ တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ အခုလိုဖြစ်သွားတော့ ကျွန်တော်တို့ရွာသားတွေဟာ အကြောက်တရားတွေ သိပ်လွှမ်းမိုးသွားတယ်။ အခုလက်ရှိ ရွာမှာ နေ,နေကြတာပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာ မျက်စိဖွင့်၊ နားစွင့်ပြီး နေနေရတယ်” ဟု သူက ဆိုသည်။ 

လက်ရှိတွင် ပြည်နယ်စစ်ကောင်စီက သေဆုံးသူတို့၏ မိသားစုဝင်များကို ကူညီထောက်ပံ့မှု မရှိသကဲ့သို့ ပျက်စီးသွားသောနေအိမ်များကိုလည်း ပြန်လည်မပြုပြင်ပေးသောကြောင့် ကိုယ့်အစီအစဉ်ဖြင့်သာ ဆောက်လုပ်နေရကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားနောက်တစ်ဦးကလည်း ပြောသည်။

“သူတို့ (စစ်ကောင်စီ) က ပြည်သူလူထုကို ပစ်မှတ်ထားပြီး လုပ်နေတာဆိုတော့ ကူညီဖို့ အတိုင်းအတာလို့ မမြင်ဘူး။ ကျွန်တော်တို့လည်း သူတို့ကူညီလာရင်တော့ လက်ခံမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို အမုန်းကြီးမုန်းသွားပြီ။ သူတို့က လက်နက်ကိုင်အချင်းချင်း မတိုက်ခိုက်ဘဲနဲ့ ပြည်သူလူထုကို အဲဒီလိုလုပ်ခဲ့တာဆိုတော့ ကျွန်တော်တို့ နာကြည်းသွားပြီ” ဟု သူက ဆိုသည်။ 

ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

နိုဝင်ဘာ ၁၆ တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၂ ခုသို့ စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်သော လက်နက်ကြီးကျပြီး တစ်ရက်အတွင်း ၁၃ ဦးခန့် သေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရသွားသည်။  စစ်ကောင်စီက AA လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။

ဒေသခံများ ပစ်ခတ်သတ်ဖြတ်ခံရသော ဆင်အင်းကြီးကျေးရွာအား AA  ဘက်မှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA info Desk)

ထို့နောက် ယခုနှစ် သြဂုတ်လမှစတင်၍ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်တွင် လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် ရုတ်တရက် အပစ်ရပ်စဲလိုက်ကြသည်။

ယင်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အရပ်သား ၂၆ ဦး ထက်မနည်း သေဆုံးသွားကာ ၁၁၁ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ်ဦးခိုင်သုခက ပြောထားသည်။

“နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေကို သတိထားစောင့်ကြည့်ဖို့လိုသလို အပြစ်ရှိတဲ့သူတွေကိုလည်း အပြစ်ပေးနိုင်ဖို့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု နိုဝင်ဘာ ၂၈ ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတပ်ကို ရည်ညွှန်းပြီး ၎င်းက ပြောခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အပစ်ရပ်စဲထားမှု တစ်လခန့် ကြာမြင့်ပြီးနောက် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းရန် စစ်ကောင်စီက စီစဉ်နေသော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံအများစုက နေရပ်မပြန်လိုကြသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button