သတင်း

အင်းတော်တွင် တစ်ပတ်အတွင်း ရွာ ၆ ရွာ မီးရှို့ခံရပြီး ဒေသခံ ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက တစ်ပတ်အတွင်း ရွာ ၆ ရွာကို မီးရှို့ကာ၊ ဒေသခံ ၄ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

ထီးချိုင့်မြို့နယ်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်က ယခုလ ၁၆ ရက်မှ စတင်ကာ နယ်မြေထိစပ်နေသည့် အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် လူသတ်၊ ရွာမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အင်းတော်မြို့နယ်တောင်ဘက် ကျေးရွာများဖြစ်သည့် ညောင်ကုန်း၊ ဂျုံးဂျုံးကျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ မအူကုန်းရွာနှင့် ပိန်းအင်းရွာတို့မှ လူနေအိမ် ၃၀ ကျော် မီးရှို့ခံရပြီး ဒီဇင်ဘာ ၂၀ တွင် စက်တောကုန်းရွာမှ အိမ်ခြေ ၄၁ အိမ်နှင့် စပါးများသိမ်းဆည်းထားသည့် စပါးတိုက် ၃၀ခန့်  မီးရှို့ဖျက်ဆီးခံရသည်ဟု သိရသည်။

ထို့ကြောင့် ထိုနေ့တွင်ပင် စက်တောကုန်းရွာမှ ထွက်လာသည့် အထက်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီနေ့မနက်က စက်တောကုန်းကို မီးရှို့ပြီး ထွက်လာတော့ ကျွန်တော်တို့က ဒီဘက်က စောင့်ပြီးတိုက်တာ၊ အကြာကြီးတော့ (တိုက်ပွဲ) မဖြစ်လိုက်ဘူး။ သူတို့ဘက်ကတော့ ထိတာများနိုင်တယ်၊ အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် အင်းတော် -PDF, ကချင်လွတ်လပ်ရေးတပ်တော်(KIA) ပူးပေါင်းတပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ မှ စတင်ပြီး တိုက်ပွဲ ၃ ရက်ဆက်တိုက် ဖြစ်ပွားသည်၊ စစ်ကောင်စီတပ်မှ ၃၀ ကျော်ခန့် ထိခိုက်သေဆုံးနိုင်သလို PDF ရဲဘော်တစ်ဦးလည်း ရင်ဘတ်တွင် ဒဏ်ရာရခဲ့သည်ဟု သိရသည်။ 

ဒီဇင်ဘာ ၁၇ ညက ပိန်းအင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေသည်ကို သွားရောက်ကြည့်ရှုကြသော အသက် ၄၀ ဝန်းကျင်ခန့်ရှိသည့် ဒေသခံ အမျိုးသား ၄ ဦးလည်း အသတ်ခံရသည်ဟု သိရသည်။

“သူတို့က မူးနေတာ၊ အဲဒါကို ရွာမီးရှို့နေတာကို သွားကြည့်တော့ စစ်တပ်က လိုက်ပစ်တာ၊ နှစ်ယောက်က တစ်ခါတည်းသေပြီး ကျန်တဲ့နှစ်ယောက်ကတော့ ဖမ်းမိပြီးမှ အသတ်ခံလိုက်ရတာ” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အသတ်ခံရသူ ၄ ဦးမှာ နန့်သဲရွာမှ ကိုအောင်နိုင်ထွန်း၊ ကွမ်းချောင်းရွာမှ ကိုနေဝင်း၊ မအူကုန်းရွာမှ ကိုကျော်လွင်နှင့် ရွှေချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးတို့ဖြစ်သည်၊ စစ်ကြောင်း ထွက်သွားပြီးနောက် ပိန်းအင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ၎င်းတို့၏ အလောင်းများကို ရှာတွေ့ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများ ဆက်လက် ပေါ်ပေါက်လာနိုင်သည်ဟု အင်းတော်-PDF အဖွဲ့က ပြောသည်။

မီးရှို့ လူသတ်ခဲ့သည့် အဆိုပါ စစ်ကြောင်းမှာ အင်းတော်မြို့သို့ ရောက်ရှိနေပြီး ကချင်ပြည်နယ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းပါက အင်းတော်မြို့တွင် စစ်အင်အား ၃၀၀ ခန့်ရှိနေသည်ဟု သိရသည်။

အင်းတော်မြို့ပေါ်တွင်လည်း အဖမ်းအဆီးရှိမည်ဆိုသည့် သတင်းထွက်နေသောကြောင့် မြို့ခံများ စိုးရိမ်ထိတ်လန့်နေသည်ဟု အင်းတော်မြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့နံနက်တွင်လည်း အင်းတော်မြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ဖြတ်သန်းသွားလာနေသည့် ဒေသခံအားလုံးကို စစ်ဆေးနေသည်ဟု ဆိုသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်အနီးတွင် ရှိသည့် အင်းတော်မြို့တွင်လည်း စစ်ကောင်စီတပ်ကို PDF, KIA ပူးပေါင်းတပ်များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button