သတင်း

ကမ္မမြို့ရဲကင်းစခန်းကို ပခုက္ကူ PDF ဝင်ပစ်၊ ရဲ ၂ ဦးသေ

ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကမ္မမြို့ ရဲကင်းစခန်းကို ယနေ့ (ဒီဇင်ဘာ ၂၁) နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ပခုက္ကူမြို့မှ ၁၈ မိုင်ကျော်ဝေးသော ထိုစခန်းကို နံနက် ၈း၄၅ တွင် တိုက်ခိုက်ခြင်း ဖြစ်သည်၊ ၃ ဦးခန့် ထိခိုက်ဒဏ်ရာရသည်ဟု တိုက်ခိုက်ခဲ့ရာတွင် ပါဝင်သည့် ပခုက္ကူ PDF ၏စစ်ရေးတာဝန်ခံ ကိုသိင်္ခက ပြောသည်။

“ကင်းစခန်းထဲမှာ ၄ ယောက်လောက် ရှိနေပြီး လမ်းပေါ်မှာ ၃ ယောက်လောက် ရှိတယ်။ သူတို့ပြန်ပစ်ချိန် မရဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ကား ရပ်တယ်၊ ပစ်တယ်၊ ပြီးတော့ မောင်းသွားတယ်။ သူတို့ နောက်ကပစ်တယ်” ဟု သူက ပြောသည်။

အတိုက်ခံရသည့် ရဲကင်းမှာ ကမ္မမြို့ရဲစခန်းနှင့် ပေ ၆၀ ခန့်သာ ကွာဝေးသည်၊ ဖြတ်သန်းသွားလာသော ကားများကို စစ်ဆေးကာ ငွေတောင်းလေ့ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့မပစ်ခင် သူတို့ကားစစ်နေသေးတယ်။ ကျွန်တော်တို့ ပစ်တဲ့အချိန်မှာတော့ စစ်နေတဲ့ကား မရှိတော့ဘူး။ ကျွန်တော်တို့ အလုပ်လုပ်ရ အဆင်ပြေသွားတယ်” ဟု ကိုသိင်္ခက ပြောသည်။

ကမ္မမြို့ရဲစခန်းတွင် စစ်သားနှင့်ရဲ အင်အား ၃၀ ခန့် ပုံမှန်ရှိတတ်ပြီး ကင်းစခန်းတွင်မူ ၇ ဦးခန့် ရှိနေတတ်သည်ဟု ဆိုသည်။ 

ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသွားသူ သုံးဦးကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်သွားစဉ် နှစ်ဦးထပ်သေသည်ဟု ဆိုသော်လည်း အတည်မပြုနိုင်ဟု ပခုက္ကူ PDF က ပြောသည်။ 

အလားတူ ပခုက္ကူ PDF မှ တပ်ဖွဲ့ဝင်တစ်ဦးလည်း ရဲစခန်းဘက်မှ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ရှပ်ပြီး ထိမှန်ခဲ့သည်ဟု သိရသည်။

“အခုခွဲထုတ်ပြီးပြီ မစိုးရိမ်ရပါဘူး” ဟု ကိုသိင်္ခက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် အခင်းဖြစ်နေရာတစ်ဝိုက် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုများရှိခဲ့ပြီး အနားရှိ ဒေသခံများ ဖမ်းဆီးခံရခြင်းမရှိခဲ့ဟုလည်း ဆိုသည်။

ယခုလ ၅ ရက်ကလည်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မြစ်ခြေမြို့မှ ကမ္မမြို့ဘက်သို့လာသော စစ်တပ်ယာဉ်တန်းကို ဒေသအခြေစိုက် PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်ဟု  ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ထိုကိန်းဂဏန်းကို သီးခြား တည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းအမှောင်ချထားဆဲ ဖြစ်သည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြို စသည့်မြို့နယ်များ ပါဝင်သည့် မကွေးတိုင်းအစွန်ဆုံးရှိ ဒေသများမှာ စစ်ကိုင်းတိုင်းနှင့် ထိစပ်နေပြီး စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်နေသည့် တော်လှန်အရေးအဖွဲ့များ အားကောင်းသည်။

ရဲကင်းစခန်းကို ပခုက္ကူ PDF တို့သွားရောက်တိုက်ခိုက်ခဲ့သည့်ရုပ်သံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button