သတင်း

ကျောက်တော်မှ ဆန်စက်ပိုင်ရှင် ကြီးလေးသောပုဒ်မဖြင့် စွဲဆိုခံရ

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၁၉) တွင် ကြီးလေးသောပုဒ်မတစ်ခုဖြင့် ထပ်မံ စွဲဆိုလိုက်သည်။

အောက်တိုဘာ ၂ တွင် ဖမ်းဆီးခံရသည့် ကာဒီ ခေါ် သဇင်ကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ ဒီဇင်ဘာ ၆ တွင် မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁) ဖြင့် ကနဦး အမှုဖွင့်ခံရကြောင်း မိသားစုထံမှ သိရသည်။

ထို့နောက် ၄၃ နှစ်အရွယ် ဦးလှမောင်သန်းကို စစ်တွေခရိုင်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပါ စစ်တပ်နှင့်ဆိုင်သော၊ ထောင်တစ်သက်တစ်ကျွန်း သို့မဟုတ် ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချနိုင်သော ပုဒ်မ ၁၃၁ ဖြင့် စွဲဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“၁၇ (၁) ကတော့ ရဲဘက်က စွဲတယ်။ ၁၃၁ ကတော့ စစ်တပ်ဘက်က စွဲတာတဲ့။ အခုလို တိုက်ပွဲ ရပ်တန့်ထားတဲ့ အချိန်မှာ ….မဟုတ်ကဟုတ်က စွပ်စွဲပြီးတော့ ဖမ်းထားတာကိုတော့ လွှတ်ပေးစေချင်ပါတယ်” ဟု ဦးလှမောင်သန်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အတူ အဖမ်းခံရသည့် ကိုမောင်ချေဆိုသူကိုလည်း ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

၎င်းတို့ နှစ်ဦးကို စစ်ကြောရေးစခန်းတွင် AA နှင့် ပတ်သက်၍ ရိုက်နှက်စစ်မေးခဲ့ကြောင်း၊ ထိုဒဏ်ကြောင့် ကျောနှင့် ခါး နာကျင်နေပြီး ဦးခေါင်းကိုက်ခဲနေသဖြင့် ဆေးဝါးများ ဝယ်ပေးထားရကြောင်းလည်း သိရသည်။​

“စစ်တပ်မှာ စစ်ဆေးတုန်းက ရိုက်နှက်တာ။ AA ဘယ်မှာရှိလဲ၊ ဘယ်သူက AA လဲ၊ ဘယ်သူနဲ့ ဆက်သွယ်လဲ ပြောဆိုပြီး ရိုက်နှက်တာတဲ့။ မပြောသရွေ့ ရိုက်နှက်တယ်တဲ့။ ဒါပေမဲ့ မပြောခဲ့ဘူးတဲ့။ ငါမသိဘူး၊ ငါ့ကို သေအောင် သတ်ချင်လည်း သတ်ပစ်လိုက်လို့ ပြောပါတယ်တဲ့” ဟု မိသားစုဝင်က ပြောပြသည်။

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားရုံးအား ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ဦးလှမောင်သန်း၏ ဆန်စက်နှင့် စစ်ကောင်စီတပ်သည် ဆန်အရောင်းအဝယ်နှင့် ပတ်သက်ပြီး ကောင်းမွန်သောဆက်ဆံရေး ရှိသည်ဟု သူက ပြောသည်။

အောက်တိုဘာ ၂ တွင် ကျောက်တော်မြို့မှ ၈ မိုင်ကျော်ခန့်အကွာ ကန်စောက်ကျေးရွာအနီး အမှတ် ၅၃၉ ခြေမြန်တပ်ရင်း တပ်ရင်းမှူးက ဆွေးနွေးစရာရှိသည်ဟု ဆိုကာ ဖုန်းဆက်ခေါ်သဖြင့် ကိုမောင်ချေနှင့်အတူ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

“စစ်သားတွေ ဆန်တွေ လိုအပ်ရင်လည်း အကူအညီတွေပေးလိုက်တယ်။ ဆွေးနွေးစရာ၊ တိုင်ပင်ရှိတယ် ဆိုပြီး ခေါ်လို့ ၅၃၉ တပ်ရင်းကို သွားခဲ့တာပါ။ အရင်ကလည်း သွားနေတာပဲဆိုပြီး သွားတာမှာ ဖမ်းတာပဲ” ဟု ထိုသူက ဆိုသည်။

ထိုနှစ်ဦးကို ယမန်နေ့ကအထိ စစ်တွေအမှတ် (၁) ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း မိသားစုဝင်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ “လူသားချင်းစာနာမှုဆိုင်ရာ ”ခေါင်းစဉ်ဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးခြင်း၊ အမှုဖွင့် တရားစွဲဆိုခြင်း၊ ထောင်ချခြင်း ဆက်တိုက်ရှိနေသည်။

ဒီဇင်ဘာ ၁၂ နှင့် ၁၄ တွင်လည်း ပလက်ဝမြို့နယ်မှ ညီအစ်ကိုနှစ်ဦးကို ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆောင်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့သည်။

အောက်တိုဘာလ နှင့် နိုဝင်ဘာလအတွင်း AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၃၂၄ ဦးရှိသည့်အနက် ၈၅ ဦးကိုသာ ပြန်လွှတ်ပေးထားသဖြင့် ကျန်ရှိနေသူများ လွတ်မြောက်ရေး ကြိုးစားသွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

AA သည် ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှု အများအပြားရရှိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button