အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် ရာထူးက နုတ်ထွက်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် နှစ်ဖက် ကြားညပ်နေသည့် အခြေအနေများကြောင့်ဟု ဆိုကာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ ဦးသည် တစ်ပြိုင်နက်တည်း နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ တွင် ကူတောင် ၊ ကပ်ချောင်း၊ ကံပြင်၊ ကြက်ရိုးဆပ်၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ပန်ဇင်းမော်၊ ညောင်ပင်လယ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ မြင်းကန်းချောင်း၊ ဖြူချောင်း၊ ရေပိုက်ဆုံ၊ မင်းဂံ၊ သာစည်ထောင့်၊ ကျွန်းကြီး၊ ရွှေလောင်းတင်နှင့် အနောက်ပြင် (မူဆလင်) ကျေးရွာ ၁၉ ရွာတို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ်သည်။  

စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သံသယဖြင့် စောင့်ကြည့်နေပြီး ဒေသခံများကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများဟုဆိုကာ မထောက်ခံသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အခြေအနေက ဘာဖြစ်လဲဆိုတော့ လူထု မလိုလားတဲ့ အုပ်ချုပ်ရေးယန္တရားကို ထောက်ကူပေးနေသူတွေလိုဖြစ်လာတယ်။ သွားလာရေးအတွက် ထောက်ခံစာ ထုတ်ပေးတဲ့အလုပ်တွေ၊ နောက် ထောက်ပံ့ငွေ ထုတ်ပေးတဲ့အလုပ်တွေကိုပဲ လုပ်ရပြီး တစ်ခုခုဖြစ်လာရင် ရွာသူရွာသားတွေအတွက် ဦးဆောင်ဖြေရှင်းမပေးနိုင် ဖြစ်လာတယ်” ဟု ထိုသူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့ကိုယ်တိုင်လည်း ရှောင်တိမ်းရမှု၊ ဖမ်းဆီးခံရမှုများ ရှိနိုင်သော အခြေအနေဖြစ်နေကြောင်း ဆက်ပြောသည်။ 

“ကျွန်တော်တို့အထက်ကလူတွေကိုယ်တိုင်က ကျွန်တော်တို့ကို မယုံကြည်နိုင်တာ၊ သံသယဖြစ်လာတာက ပိုဆိုးတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကို ထောက်ရှုပြီး နုတ်ထွက်စာ တင်တာပါ။ နုတ်ထွက်မိန့် ကျ၊ မကျက သူတို့အပိုင်း၊ ကျွန်တော်တို့က အုပ်ချုပ်ရေးတာဝန်ကို မလုပ်နိုင်တော့ဘူး” ဟု အထက်ပါကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီနှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အုပ်ချုပ်ရေးနှစ်ရပ်အကြား တာဝန်ထမ်းဆောင်ရသည်မှာ မလွယ်ကူဟုဆိုကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ၇ဝ ကျော်လည်း တစ်ပြိုင်တည်း နုတ်ထွက်စာ တင်ခဲ့ကြသည်။ 

ရခိုင်ပြည်နယ်အတွင်း ယခုကာလ တိုက်ပွဲများ ရပ်နေသော်လည်း စစ်ကောင်စီနှင့် AA ကြား စစ်ရေးတင်းမာမှုများရှိနေသည်။

ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက် နုတ်ထွက်ကြခြင်းမှာ လူထုက စစ်ကောင်စီအုပ်ချုပ်ရေးစနစ်ကို မလိုလားခြင်းကြောင့်ဖြစ်သလို ထိုသူများကိုယ်တိုင်က စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက မှတ်ချက်ပြုသည်။

“သူတို့အုပ်ချုပ်ရေးအဖွဲ့တွေလည်း အားပြိုင်မှု ရှိနိုင်တဲ့အခါ ဒေသခံလူထုက ဘာအုပ်ချုပ်ရေးကို ကြိုက်သလဲ ၊ လက်ခံသလဲအပေါ်မှာ မူတည်မယ်။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီက ခန့်ထားတဲ့အုပ်ချုပ်ရေးကို မကြိုက်တဲ့အခါ သူတို့ နုတ်ထွက်ရတာဖြစ်နိုင်တယ်။ အဓိကကတော့ လူထု လက်မခံတော့ရင် အဲဒီအုပ်ချုပ်ရေးက ပျက်စီးသွားမှာ သေချာတယ်” ဟု ဆိုသည်။

ရခိုင်ကျေးလက်ဒေသတွင် ULA /AA ၏ အုပ်ချုပ်ရေး ပိုအားကောင်းနေပြီး လူထုကလည်း စစ်ကောင်စီအုပ်ချုပ်ရေးကို မလိုလားတော့သည်ကို တွေ့မြင်လာရသည်ဟု ဦးအောင်သောင်းရွှေက ဆက်ပြောသည်။

ယခုနှစ်လယ် တိုက်ပွဲများ ပြင်းထန်စဉ်ကာလအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တချို့မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မများဖြင့် တရားစွဲခံရမှုများ ရှိနေသည်။

၂၀၂၂ ခုနှစ် မေလမှ  နိုဝင်ဘာလကုန်အထိ မင်းပြား၊ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးကျော်ကို စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် အလားတူဖြစ်စဉ်မျိုး ယခင် ၂၀၁၈ မှ ၂၀၂၀ အတွင်း တိုက်ပွဲများပြင်းထန်စဉ်ကလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button