
(ရန်ကုန်) — မလေးရှားသို့ ဦးတည်ထွက်ခွာလာစဉ် စက်လှေပျက်ပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကမ်းခြေတစ်နေရာသို့ ယနေ့(ဇွန်လ ၁၁) ရောက်ရှိလာသည့် လူ၁ဝဝ ကျော်၏ ခရီးစတင်ရာဒေသကို စုံစမ်းစစ်ဆေး နေကြောင်း ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောသည်။
ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလကျေးရွာကြားတွင်အမျိုးသား ၃၅ ဦး ၊ အမျိုးသမီး ၅၂ ဦး၊ ကလေး ၁၇ဦး တို့ကို ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလကျေးရွာကြားတွင် ရသေ့တောင် အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကနဦး စစ်ဆေးချက်အရ ဇွန်လ၈ရက်က ဘင်္ဂလားဒေ့ရှ်မှ မလေးရှားသို့ ထွက်ခွာလာခဲ့ပြီး ဇွန်လ ၁၁၊ နံနက် ၆ နာရီအချိန်ခန့်တွင် စက်လှေပျက်၍ အောင်ဗလကျေးရွာအနီး ပင်လယ်ကမ်းစပ်အနားသို့ ရောက်ရှိ ရပ်နားခဲ့ခြင်းဖြစ်သည်ဟု အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက ပြောသည်။
“သူတို့ ကမ်းခြေကို လျှောက်လာတာကို ရခိုင်တံငါသည်တစ်ယောက်က တွေ့လို့ပေါ့။ သူတို့ကို ဘင်္ဂလီ စကားတတ်တဲ့ ရခိုင်တွေက မေးကြည့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကူးလာတယ်လို့ ပြောတယ်။ သူတို့ကို ရဲတပ်ဖွဲ့ကို သတင်းပို့လိုက်တယ်။ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်တာပေါ့” ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။
၎င်းတို့ကို စစ်ဆေးရန် မောင်တောသို့ မွန်းလွဲပိုင်းတွင် ခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
“ဟိုရောက်မှ အဖွဲ့စုံက စစ်ဆေးမယ် ထင်တယ်။ အရေအတွက်တွေ စစ်ဆေးပြီးမှ မောင်တော ငခူရ စခန်းမှ စစ်ဆေးမယ် ဆိုပြီးခေါ်သွားကြတာ” ဟု ရသေ့တောင်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဆိုသည်။
၎င်းတို့ကို စစ်ဆေးနေဆဲကြောင်း ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပြီး အသေးစိတ်ကို အစိုးရက သတင်းထုတ်ပြန်မည်ဟု ဆိုသည်။