သတင်း

အင်းစိန်ထောင် ဝန်ထမ်းများ ဝိုင်းရိုက်သည့် နိုင်ကျဉ်းတစ်ဦး ဒဏ်ရာပြင်းထန်ဟုဆို

ရန်ကုန် အင်းစိန်အကျဉ်းထောင်၌ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးကို ဒီဇင်ဘာ ၆ရက်တွင် ထောင်အာဏာပိုင်တို့က သုံးကြိမ်ထက်မနည်း ဝိုင်ဝန်း ရိုက်နှက်ခဲ့ရာ လက်ကျိုး၊ ခေါင်းအတွင်း သွေးခဲသည့် ဒဏ်ရာများရခဲ့သည်ဟု စုံစမ်းသိရှိရသည်။

နှိပ်စက်ခံရသူမှာ စစ်ကောင်စီက လက်နက်ခဲယမ်းဥပဒေ ပုဒ်မ ၁၉ (စ)၊ ဆူပူလှုံဆော်မှု ပုဒ်မ ၅၀၅ (က) တရားစွဲ၍ ထောင်ဒဏ် ၆ နှစ်ချထားသူ အသက် ၄၀ အရွယ် ဦးဝင်းထွဋ်ဦး (ခ) ကိုသတိုး ဖြစ်ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူတစ်ဦးက ဒီဇင်ဘာ ၉ရက်တွင် ပြောသည်။ ။

ထိုနေ့(ဒီဇင်ဘာ ၆)က အကျဉ်းထောင်အတွင်း စစ်ကောင်စီ ချုပ်နှောင်ထားသည့် သံဃာတစ်ပါး ပျံလွန်တော်မူသဖြင့် ထောင်ပိုင်က သက်ပျောက်ဆွမ်းကပ်ရန် ရောက်လာစဉ် အကျဉ်းသားများထဲမှ တစ်ဦးက “ဟေ့ရောင် ညီလေး”ဟု လှမ်းခေါ်ရာမှ ပြဿနာအစပြုခဲ့သည်ဟု ထောင်တွင်း သတင်းရင်းမြစ် များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထောင်ဝန်ထမ်းများက စစ်ဆေးစဉ် ကိုသတိုးက “ဟေ့ရောင် ညီလေး” အော်ခေါ်သူမှာ ၎င်းဖြစ်သည်ဟု ဝန်ခံသည်ဟု ဆိုသည်။ ထို့နောက်တွင် ထောင်ပိုင်နှင့်တွေ့ရန်ဟု အကြောင်းပြ၍ ကိုသတိုးကို ဝန်ထမ်းများက ခေါ်သွားခဲ့ပြီး အကျဉ်းဦးစီးရုံးခန်းသို့ ရောက်ရောက်ချင်း ဝိုင်းဝန်းထိုးကြိတ်ကြကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှသိရသည်။

ယင်းအပြင် ကိုသတိုးကို ထောင်ဝန်ထမ်းများက မူလအဆောင်သို့ ပြန်မပို့တော့ဘဲ တိုက်ပိတ် ပြစ်ဒဏ်ချ ရန် ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးချိန်နှင့် တိုက်ပိတ်ရန် ခေါ်သွားချိန်တို့တွင် လမ်း၌ ထပ်မံ ထပ်မံရိုက်နှက် ခံရပြန်ရာ သတိလစ်သွားသဖြင့် ထောင်ဆေးရုံတွင် ဆေးကုသနေရကြောင်း၊ နောက်ဆက်တွဲ အခြေအနေ ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“လူရုပ်ကို မပေါ်ဘူး ပြောတယ်။ ကျင်စက်တွေနဲ့ပါ (တို့တယ်) မင်းက အာသီးယောင်(အာချောင်) တယ် ဟုတ်လားဆိုပြီး ကျင်စက်တွေကိုပါ ပါးစပ်ထဲထိုးထည့်တာ။ သူ့တစ်ယောက်ထဲကို အကုန်ဝိုင်းလုပ်တာ.. (ထောင်ဝန်ထမ်း)တအုံလိုက်ကြီး။ အရိုက်ခံရလို့ အော်တဲ့ အသံတောင်မကြားရဘူး”။

ကိုသတိုးမှာ ၁၄ နှစ်အထိ ထောင်ချနိုင်သည့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ ဖြစ် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်သည်ဟု ၎င်းထံမှသိရသည်။အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို ကိုသတိုး၏ မိသားစုနှင့် အင်းစိန်ထောင် အာဏာပိုင်များထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း အင်းစိန်အကျဉ်းထောင်အာဏာပိုင်များက ရန်ကုန် တာဝန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲခံထားရသည့် နိုင်ကျဉ်း ပန်းချီဆရာ ကိုလှိုင်းညီ ခေါ် ကိုကျော်သူမြင့်ကို မေးရိုးကျိုးသည်အထိ ရိုက်နှက်နှိပ်စက်ခဲ့ကြဖူးသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ကြာချိန်တွင် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုညှင်းပန်းနှိပ်စက်ခံရမှု၊ အစာရေစာ၊ ဆေးဝါး လုံလောက်စွာမရမှု၊ ဆေးကုသခွင့် အချိန်မီ မရ၍ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button