ဆောင်းပါး

မန်းအိုးဘိုထောင်မှာ ရက်ပေါင်းခြောက်ရာကျော်

“ကမ္ဘာမကြေဘူး၊ ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး….”ဆိုသည့် ကျယ်လောင်သော သံပြိုင်သီဆိုသံကြီးတစ်ခု မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုနေ့က ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့ည ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ သီးသန့်ထားသည့် မန္တလေး အိုးဘိုအကျဉ်းထောင် အချုပ်ဆောင် (၃) ဆီမှ ထိုအသံ ထွက်ပေါ်လာခြင်းဖြစ်သည်။

အချိန်အားဖြင့် ည ၇ နာရီ။ လူအင်အားရာနှင့်ချီကာ ထိန်းသိမ်းထားရှိသည့် အဆိုပါအချုပ်ဆောင် (၃) သည် ကိုအဂ္ဂတို့၏တိုက်နှင့် အဆောက်အအုံ ၆ ခုစာမျှ ဝေးသော်လည်း သီချင်းသံပြိုင်သီဆိုသံသည် ထောင်အတွင်း ဟိန်းထွက်နေသည်။ ကိုအဂ္ဂ၏ နာမည်ရင်းမှာ ကိုရဲဝင်းထွန်းဖြစ်ပြီး၊ သူသည် ၂၀၂၁ အာဏာသိမ်းမှုကို အစောဆုံးဆန္ဒပြခဲ့သည့် မန္တလေးမြို့လူငယ်များအနက် တစ်ဦးဖြစ်သည်။ 

“ကျွန်တော် ကြက်သီးထပြီး လိုက်ဆိုမိတယ်” ဟု ကိုအဂ္ဂက ထိုနေ့က အဖြစ်အပျက်ကို ပြန်လည်ပြောပြနေသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်က ကျောင်းသားဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး နောက်တစ်နေ့ ရန်ကုန်မြို့ရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောင်းသားကျောင်းသူ အများအပြား သေဆုံးခဲ့ရသည်။

ထိုအဖြစ်အပျက်ကို အောက်မေ့သောအားဖြင့် နှစ်စဉ် ဇူလိုင် ၇ ရက်ရောက်တိုင်း နိုင်ငံအနှံ့ အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်ကြခြင်းဖြစ်သည်။

အိုးဘိုထောင်တွင် ၂ နှစ်နီးပါး ချုပ်နှောင်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသော ကိုအဂ္ဂအား ၎င်း၏ နေအိမ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယခုနှစ်တွင် အနှစ် ၆၀ ပြည့် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက ထိုလှုပ်ရှားမှုကို တစ်ရက်ကြို၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ကိုအဂ္ဂက ပြောသည်။

“သီချင်းသံ ကြားလိုက်တော့ သွေးတွေစီးဆင်းတာ ပိုမြန်သလိုပဲ။ အသက်ရှူတာလည်း ပိုမြန်ပြီး ကျွန်တော့စိတ်တွေ တိုလာတော့တာ” ဟု ၎င်းက ဆိုသည်။ ထိုသို့ အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက တော်လှန်ရေးသီချင်းများ သံပြိုင်ရွတ်ဆိုကြခြင်းဖြင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော်လည်း နာရီဝက်ခန့်အကြာတွင် ထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

သီချင်းသံအဆုံး မိနစ်အနည်းငယ်အကြာတွင် ရိုက်နှက်နေသည့်အသံများ၊ အကျဉ်းသားတို့၏ နာကျင်အော်ဟစ်သံတို့ကို သဲ့သဲ့ကြားလိုက်ရသည်။

“ညတွင်းချင်း သီချင်းဆိုတဲ့သူတွေကို ဆွဲထုတ်ခေါ်လာပြီးမှ ခြင်းကွင်းထဲမှာ ရိုက်တာ။ တော်တော်များများ အရိုက်ခံရလို့ သွေးထွက်ပေမဲ့ လမ်းလျှောက်နိုင်တယ်။ ၅ ယောက်လောက်ကတော့ ချိုင်းနှစ်ဖက်ကနေ ဆွဲထုတ်လာပြီး တိုက်ထဲ ဆွဲသွင်းခံရတယ်” ဟု ကိုအဂ္ဂက ခံပြင်းစွာဆိုသည်။

ထိုညက အကျဉ်းသား ၃၀ကျော် ရိုက်နှက်တိုက်ပိတ်ခံရသည်ဟု ကိုအဂ္ဂက စိတ်မကောင်းစွာ ပြန်လည်ပြောပြသည်။“မနက် ခြင်းကွင်းထဲကို ကျွန်တော်တို့သွားကြည့်တော့ သွေးကွက်တွေက မြင်မကောင်းလို့ ဆေးပစ်ခဲ့ရတယ်”

ပထမဆုံးလမ်းပေါ်ထွက်ကြသူများ

မန္တလေးမြို့တွင် လူထောင်ချီ ဆန္ဒပြခဲ့သည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

ဖေဖော်ဝါရီ ၁ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူအပြီး ဖေဖော်ဝါရီ ၄ ရက်တွင် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မန္တလေးဆေးတက္ကသိုလ်ရှေ့၌ ဒေါက်တာတေဇာဆန်း ဦးဆောင်သော လူတစ်စု ဆန္ဒပြခဲ့ကြရာ မန္တလေးတိုင်းလူငယ်အစည်းအရုံးအဖွဲ့ဝင် ကိုအဂ္ဂလည်း ပါဝင်ခဲ့သည်။

ထိုနေ့က လူ ၁၆ ဦးခန့်ဖြင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် ကိုအဂ္ဂတို့အဖွဲ့ကို ဆန္ဒပြပွဲအပြီး လူအုပ်ထဲမှ ပြန်အထွက် စစ်ကောင်စီလက်အောက်ခံ ရဲတို့က ရုတ်တရက် ချုပ်နှောင်ဖမ်းဆီးလိုက်သည်။

ထိုစဉ်က ကိုအဂ္ဂအပါအဝင် လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) မှ အသက်၂၄ နှစ်အရွယ် ကိုစောဥက္ကာဦး၊ ရတနာပုံတက္ကသိုလ်မှ ဖြစ်ကြသော အသက်၂၄ နှစ်အရွယ် ကိုမင်းညီညီကွန်း၊ ၂၉ နှစ်အရွယ် ကိုအဂ္ဂနှင့် ၃၀ အရွယ် ကိုပြည့်စုံအောင်တို့ဖြစ်သည်။

“ဆန္ဒပြတဲ့အချိန်မှာ နယ်ထိန်း ၁၀ ယောက်ကျော်က Video မှတ်တမ်းတွေ ရိုက်ကြတယ်။ တချို့က လမ်းထောင့်တွေမှာ စောင့်ကြည့်နေတယ်။ ကျွန်တော်တို့ကို ဖမ်းတော့ မြို့နယ်ရဲတွေတင်မက တိုင်းရဲတွေပါ ဝင်ဖမ်းပါတယ်” ဟု ထိုစဉ်က အခြေအနေကို ကိုအဂ္ဂက ဆိုသည်။

ကိုဗစ်ဥပဒေနှင့်အညီ လူ ၁၆ ဦးဖြင့်သာ ငြိမ်းချမ်းစွာကြွေးကြော်ဆန္ဒပြခဲ့ကြသည့် ကိုအဂ္ဂတို့ကို စစ်ကောင်စီက သဘာဝဘေးပုဒ်မ ၂၅ နှင့် ငြိမ်းစုစီပုဒ်မ ၁၉ တို့ဖြင့် နောက်တစ်နေ့တွင် ချမ်းမြသာစည်မြို့နယ်တရားရုံး၌ အမှုဖွင့်ခဲ့သည်။

ဖမ်းဆီးပြီးနောက် ကိုအဂ္ဂအပါအဝင် ၄ ဦးကို နောက်တစ်နေ့ ဖေဖော်ဝါရီ ၅ တွင် တရားရုံး ထုတ်လာသည် ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

အာဏာသိမ်းအပြီး အစောဆုံးဆန္ဒပြခဲ့ကြသူများဖြစ်သည့်အတွက် ၎င်းတို့သည် စစ်ကြောရေးငရဲခန်းကိုတော့ မဖြတ်သန်းခဲ့ရဟု ကိုအဂ္ဂက ပြောသည်။ သို့သော် ထောင်အတွေ့အကြုံမရှိခဲ့ဖူးသော ကျောင်းသားလူငယ် ကိုအဂ္ဂတို့သည် အိုးဘိုထောင်ငရဲခန်းကိုမူ တစ်နှစ်ကျော်ကြာ ခက်ခဲစွာဖြတ်သန်းရတော့သည်။

“ဆန္ဒပြပါတယ်ဆိုပြီး  ရိုက်နှက်တိုက်ပိတ်ခံရပါတယ်”

စစ်အာဏာရှင်လက်ထက် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များသည် နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိရာ ထိုအထဲတွင် မန္တလေးမြို့ အိုးဘိုရပ် မန္တလေးတောင်ခြေရှိ အိုးဘိုထောင်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုထောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်ကဲ့သို့ လူကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီက ချုပ်နှောင်ထားသကဲ့သို့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အထက်မြန်မာပြည်မြို့များမှ အရပ်သားများကိုလည်း ချုပ်နှောင်ထားသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁၈ တွင် မန္တလေးမြို့နေလူထု ဆန္ဒပြရာတွင် ပါဝင်နေသော မန္တလေး NLD ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ။ (ဓာတ်ပုံ-Myanmar Now)

ထို့ပြင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေး NLD ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းမြမြနှင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ထောင်တွင်းရုံးချိန်းတွင် အမှုလိုက်ရင်း ထောင်နားမှာပင် မဘသအသွင်ပြောင်း သွေးသောက်ဆိုသောအဖွဲ့နှင့် စစ်ထောက်လှမ်းရေးပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခံခဲ့ရသူ လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်တို့လည်း လက်ရှိ အိုးဘိုထောင်တွင် အကျဉ်းကျနေသည်။

အကျဉ်းသားများအချင်းချင်း နိုင့်ထက်စီးနင်းအုပ်ချုပ်စေခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားတို့အပေါ် ထောင်ဝန်ထမ်းများ၏ မျက်မုန်းကျိုးကာ ဖိနှိပ်ခြင်း၊ အစာဖြတ်ပြစ်ဒဏ်ပေးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အိုးဘို ထောင်သို့ရောက်လျှင် ရောက်ချင်းပင် ကိုအဂ္ဂတို့ ကြုံရလေသည်။

“အကျဉ်းသားတွေအချင်းချင်း အုပ်ချုပ်ခိုင်းတာဆိုတော့ သာမန်အကျဉ်းသားတွေက နိုင်ကျဉ်းတွေကို သူတို့ အမြင်မကြည်တဲ့သူတွေဆိုရင် မတရားရိုက်နှက်တာတွေ ခံရတယ်။ ကန်ကြ ရိုက်ကြတယ်။ ထောင်ထဲမှာက ဘယ်တော့မှ အုပ်ချုပ်သူတွေအမှားဆိုတာ မရှိတော့ ဖြေရှင်းချက်မရဘဲ အမြဲခံရတယ်။ ကျွန်တော်တို့ ထောင်အတွင်း စဝင်တဲ့နေ့မှာပဲ အရိုက်ခံရတယ်” ဟု ဆိုသည်။

“ဝန်ထမ်းအများစုနဲ့ သာမန်အုပ်ချုပ်သူတွေက နိုင်ကျဉ်းဆို မျက်မုန်းကျိုးကြတယ်။ ကျွန်တော်တို့ဆိုရင် သူတို့နဲ့ မတူသလို ဆက်ဆံကြတယ်။ လူလို မဆက်ဆံကြဘူး”ဟု ကိုအဂ္ဂက ဆက်ပြောသည်။

“စဝင်လာတာနဲ့ စကားတွေနဲ့ တိုက်ခိုက်ခံရတယ်။ ခြေလှုပ်လက်လှုပ်ကအစ စောင့်ကြည့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေက ဘာမှ ပြောခွင့်မရကြဘူး။ ထောင်ဝင်စာထဲက ပစ္စည်းတွေပျောက်လို့ အဆောင်မှူးကို တင်ပြချင်တာတောင် ဆန္ဒပြပါတယ်ဆိုပြီး ရိုက်နှက်တိုက်ပိတ်ခံကြရတယ်” 

မန္တလေးမြို့တွင် ဆန္ဒပြနေသူများ ပစ်ခတ်ဖြိုခွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ထိုသို့ဖိနှိပ်မှုများအပြင် ထောင်တွင် လုံလောက်သည့် အစားအစာမရရှိခြင်းကလည်း အကျဉ်းသားများအတွက် အခက်အခဲတစ်ခုဖြစ်သည်။

“ထမင်းဆိုရင်လည်း ဘယ်တော့မှ မနပ်ဘူး၊ စားလို့ကို မရဘူး။ ပဲဟင်းဆိုတာလည်း တာလဘောဆိုတော့ အရည်တွေချည်းပဲ။ အစက တစ်ပတ်ကို အသားဟင်း တစ်နပ်၊ နှစ်နပ် ကျွေးပေမဲ့ ထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေ များလာတော့ နှစ်လနေမှ တစ်ကြိမ်လောက်ပဲ အသားဟင်း မြင်ရတော့တယ်”ဟု ဆိုသည်။

ထို့ပြင် အကျဉ်းသားများ ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံရန် လိုအပ်ပါကလည်း ထောင်အာဏာပိုင်များက လျစ်လျူရှုထားသည်။ “ဆရာဝန်ရှိပြီး ဆေးမရှိတာပါ။ ဘာရောဂါဖြစ်ဖြစ် ပါရာစီတမောပဲ ပေးတယ်။ ဝဲပေါက်ရင်တောင် ဆေးကို တန်းမပေးဘူး။ တစ်ကိုယ်လုံး ပြန့်ပြီးမှ လိမ်းဆေးတောင့် အသေးလေးတစ်တောင့် ပေးတယ်။ ကိုယ်လိုချင်တဲ့ ဆေးကို ကိုယ်ဝယ်ကြရတယ်။ ထောင်က ပေးတယ်ဆိုတာ မရှိသလောက်ပဲ” ဟု ကိုအဂ္ဂက ဆိုသည်။

အကျဉ်းထောင်များအတွင်း ထောင်အာဏာပိုင်တို့ လိုက်နာရန်နှင့် အကျဉ်းသားများရရှိသည့် အခွင့်အရေးများကို အကျဉ်းထောင်လက်စွဲတွင် ဖော်ပြထားသော်လည်း အဆိုပါအခွင့်အရေးများ မရဘဲဖြစ်နေသည်။

အကျဉ်းထောင်အက်ဥပဒေပုဒ်မ ၃၁ တွင် အကျဉ်းသားတစ်ဦးသည် လူမှုလိုအပ်ချက်များဖြစ်သော အစားအစာနှင့် အဝတ်အထည်များကို သတ်မှတ်ခွင့်ပြုထားသောအချိန်များတွင် သွင်းယူခွင့်ရှိသည်ဟု ဖော်ပြထားသည်။

မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။  (ဓာတ်ပုံ-EPA) 

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍လည်း ပုဒ်မ၃၇၊ ၃၈၊ ၃၉တို့တွင် အကျဉ်းသားတစ်ဦး ဆေးဝန်ထမ်းနှင့် တွေ့ဆုံလိုခြင်း၊ ဆေးကုသမှုခံယူလိုခြင်းတို့အတွက် ခွင့်ပြုပေးရမည့်အပြင် ဆေးဝါးလိုအပ်ချက်လည်း ဖြည့်ဆည်းပေးရမည်ဟု ပါရှိသည်။ သို့သော် အဆိုပါအခွင့်အရေးများ လုံးဝမရဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအဂ္ဂက ဆိုသည်။“ကောင်းမွန်တဲ့အာဟာရဆိုတာ ထောင်မှာ ကပ်ထားတဲ့ ဗီနိုင်းတွေပေါ်မှာပဲ ရှိတာပါဗျာ” ဟု ကိုအဂ္ဂက ညည်းတွားကာ ပြောသည်။

အကျဉ်းသားများ အခွင့်အရေးရရှိရန် ထောင်အာဏာပိုင်များထံ တောင်းခံသော်လည်း “ဘာမှ မလုပ်ပေးဘူး။ လူငါးယောက်လောက် စုပြီး သွားပြောတော့လည်း ဆန္ဒပြပါတယ်ဆိုပြီး ရိုက်နှက် တိုက်ပိတ်ခံရပါတယ်” ဟု ဆိုသည်။

ထောင်တွင်းသေဆုံးမှုများ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံနေရသူတို့ကို ကူညီနေသည့် မန္တလေးမှ ရှေ့နေနှစ်ဦးက အိုးဘိုထောင်တွင် နိုင်ကျဉ်းတို့ ကြုံနေရသည့်အခြေအနေမှာ လွန်စွာဆိုးရွားနေသည်မှာ မှန်သည်ဟု ဆိုသည်။

ဇွန် ၅ရက်တွင် နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အမျိုးသားအဆောင်၌ ထောင်ဝန်ထမ်းများက သံတုတ်ကိုင် ရိုက်နှက်ခဲ့ကြရာ ၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့နေများက အတည်ပြုသည်။

“ထောင်အတွင်း ခုလိုအခြေအနေတွေက အများကြီးပေါ့နော်။ ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။ မိသားစုကိုတောင် အကြောင်းမကြားဘဲ သင်္ဂြိုဟ်လိုက်တာတွေလည်း ရှိတယ်။ အကျဉ်းသားအခွင့်အရေးကတော့ စစ်ကောင်စီလက်ထက်မှာ ဆုံးရှုံးနေတာ” ဟု သူက ဆိုသည်။

ရှေ့နေနောက်တစ်ဦးကလည်း ”ကျွန်မရဲ့အမှုသည်ဆိုရင် တစ်လောက အစာဖြတ်ပြီး တိုက်ပိတ်ခံရတယ်။ တော်တော်ကြာ အမှုလာရင်မဆိုင်နိုင်ဘူး။ နောက်မှ တိုက်ပိတ်တာ ရပ်ပြီး အမှုလာရင်ဆိုင်မှ လူက တော်တော်ကြီးကို ပိန်ကျသွားတယ်။ ကျန်းမာရေးလည်း မကောင်းရှာဘူး” ဟု မြင်တွေ့ရပုံကို ပြောပြသည်။

စစ်ကောင်စီလက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များအနက် တစ်ခုအပါအဝင်ဖြစ်သော အိုးဘိုထောင်၌ ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများ မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိသည်။ 

ယခုနှစ် ဇွန်လနှင့် ဩဂုတ်အတွင်းက  နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း ပြန်လွတ်လာသူတစ်ဦးနှင့် ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ Myanmar Now က သတင်းရေးသား ဖော်ပြခဲ့သည်။ ဇွန် ၅ ရက်က နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အမျိုးသားအဆောင်တွင် သံတုတ်ကိုင် ထောင်ဝန်ထမ်းများက ရိုက်နှက်ခဲ့၍ ၂ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့သည်။ 

ထို့နောက် ဩဂုတ် ၈ ရက်ညပိုင်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်စဉ် အိုးဘိုထောင်ဝန်ထမ်းများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တိုက်ပိတ်ခံရသူ ၃၈ ဦး ရှိကြောင်း ထိုရက်ပိုင်းက လွတ်မြောက်လာသူတစ်ဦးကို ကိုးကား၍ သိရသည်။

ဖိနှိပ်မှုတွင် အမည်ကျော်သည့် အကျဉ်းထောင်များသည် စစ်ကောင်စီလက်ထက်တွင် မိုမိုဆိုးဝါးလာပြီး နိုင်ငံရေးအကျဉ်းသားများကို အပြင်းအထန်ဖိနှိပ်မှုများ ပြုလုပ်နေသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားတို့သည် စစ်ကြောရေးငရဲခန်းကို ကြမ်းတမ်းစွာ ဖြတ်သန်းလာကြပြီးနောက် ထောင်သို့ ရောက်လာရာ ၎င်းတို့၏ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာများကို ကုစားပေးရန် လိုအပ်လျက်ရှိနေသည်ဟု ကိုအဂ္ဂက ဆိုသည်။

စစ်ကောင်စီ၏ စစ်ကြောရေးငရဲခန်းတွင် အချိန်ကာလကြာမြင့်စွာ နှိပ်စက်စစ်ဆေးမှုများကြောင့် စိတ်ဒဏ်ရာရရှိသွားသူများ၊ အသက်သေဆုံးသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သွားသူ များစွာရှိနေသည်။

“စစ်ကြောရေးမှာ အစားအသောက်မပေးဘဲ ထားတာ။ ကြိုးတုပ်ရိုက်နှက်စစ်ဆေးတာ အလုပ်ခံရတယ်။ တချို့လူငယ်တွေ၊ LGBT တွေဆိုရင် လိင်ပိုင်းဆိုင်ရာတွေ အစော်ကားခံရတာတွေ ရှိတယ်။ ကျွန်တော်နဲ့ သိခဲ့တဲ့ အချို့လူငယ်တွေဆိုရင် မျက်လုံးတစ်ဖက် မမြင်ရတော့တာ။ ခြေထောက်တစ်ဖက် မသန်တော့တာတွေ ရှိတယ်။ အကျဉ်းသား တော်တော်များများကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပြန်ကုစားဖို့ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

အကျဉ်းစံခဲ့ရပေမဲ့ ဆက်တော်လှန်မည်

ရဲဝင်းထွန်း(ခ)အဂ္ဂအား ယခင်နှစ် နှစ်ဆန်းခန့် ချုပ်နှောင်မခံရမီက တွေ့ရစဉ် ။ (ဓာတ်ပုံ-ပေးပို့)

တစ်နှစ်ကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် မေ၂၅ တွင် ကိုအဂ္ဂအပါအဝင်လူငယ်လေးဦးသည် ထောင်ဒဏ် တစ်နှစ်နှင့် ကိုးလ ချမှတ်ခံခဲ့ရသည်။

၎င်းတို့နောက်တွင် ဖမ်းဆီးခံခဲ့ရသည့် ၅၀၅ ပုဒ်မဖြင့် နိုင်ကျဉ်းများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာကြသော်ငြား ကိုအဂ္ဂတို့သည် လွတ်ငြိမ်းတွင် မပါရှိစေရန် ထောင်အတွင်း ညွှန်ကြားစာထုတ်ခံရသည်။

ထို့နောက် တစ်နှစ်နှင့် ၈ လကျော်အကြာ ရက်စေ့ခါနီး ယခုနှစ် အောက်တိုဘာ ၇ တွင် ကိုအဂ္ဂတို့ ကျောင်းသားလူငယ် ၄ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။ လက်ရှိတွင် လွတ်မြောက်ရာနေရာတစ်ခုသို့ ရောက်ရှိနေသည့် ကိုအဂ္ဂက ထောင်အတွင်းနေ့ရက်များကို ပြန်တွေးမိပါက အလွန်စိတ်ဒဏ်ရာရမိသည်ဟု ဆိုသည်။

“ကျွန်တော်လေ အရင်က ထစ်ခနဲဆို ဒေါသထွက်တတ်တဲ့ကောင်။ အထဲက ထွက်လာတော့ ရူးချင်သလို ဖြစ်သွားတယ်။ လူက ငြိမ်ကျသွားတယ်။ ကြောင်ချင်သလို ဖြစ်သွားတယ်။ အထဲမှာ အမေ့မျက်နှာတောင် ပုံဖော်မရအောင် ဖြစ်ခဲ့တယ်” 

သို့သော် ၎င်းက စစ်ကောင်စီ၏နိုင်ငံတစ်ဝန်း သတ်ဖြတ်မှုများ၊ ဖိနှိပ်မှုများကို လက်မခံနိုင်၊ နိုင်ငံတိုးတက်ရန်အတွက် စစ်ကောင်စီကို ဆက်လက်၍ အပြီးတိုင် အမြစ်ဖြတ်တော်လှန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“စိတ်ဒဏ်ရာရခဲ့ပေမဲ့ တော်လှန်ရေးအတွက် ပြန်အားတင်းပါတယ်။ ထောင်ပြန်ကျမှာလည်း မကြောက်ဘူး။ ကျွန်တော်တို့လူငယ်တွေ အခွင့်အရေးတွေက ပိတ်ခံလိုက်ရပြီ။ နိုင်ငံရဲ့အနာဂတ် နောက်မျိုးဆက်ကလေးတွေအတွက် ရည်ရွယ်ပြီးတော့ တော်လှန်ရေးကို ဆက်လုပ်သွားပါမယ်” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button