
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စခန်းကို စစ်ကောင်စီက လေကြောင်း၊ မြေပြင်စစ်ကြောင်းတို့ဖြင့် ဒီဇင်ဘာ ၇ မှ ယနေ့အထိ သုံးရက်ဆက် အပြင်းအထန် တိုက်ခိုက်နေသည်။
စစ်ကောင်စီ မြေပြင်တပ်ဖွဲ့တွင် အင်အား ရာဂဏန်းပါဝင်ပြီး လက်နက်ကြီး အများအပြားသုံးကာ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းမှစ၍ စတင်ထိုးစစ်ဆင်နေကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။
“တိုက်ပွဲကတော့ တောက်လျှောက်ပဲ။ စတဲ့နေကတည်းက ဒီနေ့အထိ။ ဒီနေ့လည်း တစ်နေကုန်ပဲ။ ညကလည်း ဆက်ပစ်တယ်။ ဒီမနက်လည်း တောက်လျှောက် ဆက်ပစ်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲကာလ သုံးရက်အတွင်း ရဟတ်ယာဉ်များဖြင့် စစ်ကူအင်အား ၁၀၀ ကျော် ရောက်လာသည်ကို တွေ့ရကြောင်း၊ ယမန်နေ့ (ဒီဇင်ဘာ ၈) တစ်ရက်တည်းတွင်ပင် ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ ၁၀ ကြိမ်ထက်မနည်း လာရောက် ပစ်ခတ်ကြောင်း တာအိုက်ကျော်က ဆိုသည်။
“စစ်ရေးကတော့ သူတို့က လာတိုက်လို့ ကျွန်တော်တို့က ခုခံတာတော့ရှိတယ်။ ကျွန်တော်တို့လည်း သူတို့လာတိုက်ရင်တော့ တိုက်ပွဲဖြစ်မှာပဲ။ တိုက်ပွဲနောက်ဆက်တွဲက ဘယ်လောက်အတိုင်းအတာထိ ဖြစ်မယ်ဆိုတာကတော့ ခန့်မှန်းရခက်တယ်” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးကျည်အချို့ တိုက်ပွဲဖြစ်ရာ TNLA စခန်းအနီးရှိ ကုန်းသာရွာသို့ ကျသဖြင့် နေအိမ်အချို့ မီးလောင်ကြောင်း၊ ကုန်းသာ၊ မန်လုံ၊ ပန်းလုံ၊ ပိန်းလုံ၊ ဟူးမန်း စသည့် TNLA စခန်းအနီး ရွာခံများလည်း ထွက်ပြေးနေရကြောင်း TNLA ထံမှ သိရသည်။
ကျေးရွာငါးရွာပေါင်း စစ်ရှောင်အရေအတွက်မှာ တစ်ထောင်ကျော် ရှိလာပြီဖြစ်ကြောင်း ပန်းလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုကျမုန်က ပြောသည်။
“ရွာလုံးကျွတ်ပဲ ရှောင်ရတာ။ တချို့ရွာတွေမှာ ပစ္စည်းတွေပျောက်မှာစိုးလို့ တစ်ယောက်တလေနဲ့ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနည်းနည်းလောက်ပဲ ကျန်ခဲ့တယ်။ အခုပဲ ဖုန်းလာတယ်။ တိုက်ပွဲပြန်စနေပြီတဲ့” ဟု ဦးအိုကျမုန်က ယနေ့ (ဒီဇင်ဘာ ၉) မွန်းလွဲပိုင်းတွင် ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံအများစုမှာ လုံခြုံရေးအရ ကားလမ်းကို အသုံးမပြုနိုင်ဘဲ တောလမ်းမှသာ သွားလာနေရသည်ဟု ၎င်းထံမှ သိရသည်။
“သက်ကြီးပိုင်းတွေကတော့ မလျှောက်နိုင်လို့ ပရဟိတအဖွဲ့တွေက သွားကူနေရတယ်” ဟု ဦးအိုကျမုန်က ဆိုသည်။
ယနေ့နံနက်တွင် မန်လုံရွာမှ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံစစ်ရှောင်များကို နမ့်ဆန်မြို့ပေါ်သို့ ပို့ဆောင်ပေးနေရကြောင်း ကူညီပေးနေသည့် နမ့်ဆန်မြို့နယ်လုံးဆိုင်ရာတက်ကြွလူငယ်ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးရှိ ကုန်းသာရွာမှာ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် ၁၀ မိုင်ကျော်အကွာတွင်ရှိပြီး မန်တုံ၊ မိုးမိတ်မြို့များနှင့်လည်း နယ်မြေချင်း ထိစပ်နေသည်။
ကုန်းသာရွာမှာ ဟူးမန်းကျေးရွာအုပ်စုအတွင်းရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ထိုအုပ်စုတွင် လူဦးရေ စုစုပေါင်း ၁၇၀၀ ကျော် နေထိုင်သည်။
နိုင်ငံအနှံ့ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့အချို့ကို TNLA က စစ်ရေးကူညီမှုများလုပ်နေသည်ဟု စစ်ကောင်စီက မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ နမ့်ဆန်တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာချိန်အထိ စစ်ကောင်စီတပ်က ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့နှင့် တိုက်ပွဲများ ပြင်းထန်နေသော်လည်း TNLA နှင့် တိုက်ပွဲမှာ ၁၀ ကြိမ်ဝန်းကျင်သာ ရှိခဲ့သည်ဟု သိရသည်။
၂၀၁၃၊ ၁၄ ခုနှစ်များတွင်မူ တစ်လလျှင် တိုက်ပွဲ ၅၀ ခန့် ဖြစ်ခဲ့ကြောင်း တာအိုက်ကျော်က ပြောသည်။
TNLA တပ်စခန်းကို စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုမှာ စစ်ရေး အတန်ငယ် ငြိမ်သက်နေသည့် ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီက စစ်မျက်နှာအသစ် ထပ်မံ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ထိုလုပ်ရပ်မှာ အံ့ဩဖွယ်မရှိဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA) နှင့် တိုက်ပွဲများရပ်ဆိုင်းပြီးနောက် ၎င်း၏ ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA) နှင့် တအာင်းအဖွဲ့ (TNLA) တို့၏ ဒေသများတွင် ထိုးစစ်ဆင်ခြင်းမှာ စစ်ကောင်စီ၏ ကြိုတင်ကြံစည်ချက်သာ ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ရှုမြင်သည်။
“စစ်ရေးအရ ခေါင်းထောင်ထလာနိုင်တဲ့ အင်အားစုတွေကို သူအခွင့်သာတဲ့အချိန်မှာ ထိုးနှက် တိုက်ခိုက်တာပါပဲ။ စစ်ရေးအရတော့ ပိုပြီးထူးခြားပြီး ပျံ့မသွားပါဘူး။ ဒါပေမဲ့ ဒါတွေကို မချေမှုန်းနိုင်ခဲ့ရင် စစ်ရေးအရ ပိုပြီး ပျံ့ပွားသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ လုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)