
စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးအားကောင်းသည့် တောပုရွာကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ဒီဇင်ဘာ ၅ တွင် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းနေ့ ည ၁၀ နာရီမှစတင်၍ နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး အလုံး ၅၀ ကျော်၊ ၉၀ မမ အမျိုးအစား လက်လုပ်လက်နက်ကြီး ၁၀ လုံးထက်မနည်း အသုံးပြုခဲ့ကြကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင်၏ လက်အောက်ခံတပ်ရင်း Chindwin Attack Force အဖွဲ့က ပြောသည်။
“ကျွန်တော်တို့ လက်နက်ကြီးတွေနဲ့ပဲ ပစ်ခဲ့တာ။ ထိတာကိုတော့ မှန်းဆလို့တော့မရဘူး။ ဒါပေမဲ့ ရွာထဲတွေလည်း ကျတဲ့အလုံးတော့ ကျတယ်။ ရွာအပြင်ကျတဲ့အလုံးတွေလည်း ကျတယ်။ စကစရဲ့ ထောက်တိုင်တွေမှန်သမျှ အချိန်မရွေး တိုက်ခိုက်နေမှာ” ဟု အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်တပ်နှင့် ပျူစောထီးတို့ကလည်း ၄၀ မမ လက်နက်ကြီးဖြင့် ရွာအတွင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
မုံရွာမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသော၊ ချောင်းဦးမြို့နယ်နှင့် ထိစပ်နေသော ထိုရွာတွင် စစ်သားများ၊ ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ခန့် အခြေစိုက်တပ်စွဲထားသည်၊ စစ်သားများက အရပ်ဝတ် ဝတ်ဆင်ထားလေ့ရှိသည်ဟု ဆိုသည်။
တိုက်ပွဲတွင် မြို့နယ်ချင်း ထိစပ်နေသည့် မုံရွာနှင့် ချောင်းဦးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် အဖွဲ့ ၁၁ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ကြသည်ဟု သိရသည်။

ချောင်းဦးမြို့နယ် အခြေစိုက် Chaung U Local Defense Force အဖွဲ့နှင့် မုံရွာခရိုင် PDF လက်အောက်ရှိ Chindwin Attack Force ၏ တပ်ရင်း (၄)၊ တပ်ရင်း (၂)၊ Monywa The Boys တပ်ရင်း ( ၄) အထူးကွန်မန်ဒို တပ်ဖွဲ့၊ Chindwin Attack Force လက်အောက်ရှိ တပ်ခွဲများဖြစ်သော Monywa Special ဒိတ်ဒိတ်ကြဲ PDF, Monywa Nightking PDF, 5 / Teachers People Defense Force PDF, အခြားသော မုံရွာမြို့အခြေစိုက် PDF များ ဖြစ်သည့် Aera 71 PDF Monywa, ဗန္ဓုလနှင့်အဖွဲသားများ၊ Black Dragon Special Task Force, Urban Hunter Force (UHF) တို့ ပါဝင်သည်။
တောပုရွာရှိ စစ်တပ်နှင့် ပျူစောထီးတို့ကို လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် အနီးကပ်နေရာများမှ နှစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပါဝင်ခဲ့သော Aera 71 PDF Monywa အမည်ရ PDF လက်အောက်ခံတပ်ဖွဲ့ကလည်း ယမန်နေ့က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် PDF ပူးပေါင်းအဖွဲ့ဝင်များလည်း ဘေးကင်းကြောင်း ဖော်ပြထားသည်။
Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက “လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီကောင်တွေဘက်က ပြန်လည်ခုခံလာတဲ့ အနေအထားတော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်တော့ မထိဘူး။ ကျွန်တော်တို့ စနစ်တကျ အလုပ်လုပ်ရတယ်။ ခွာစစ်ဆိုရင်လည်း စနစ်တကျ ခွာစစ် လုပ်ပေးရတယ်။ တိုက်ပွဲကြာလာတာနဲ့အမျှ သူတို့ဘက်ကလည်း ပေါ့လျော့မှု မရှိဘူး။ ကျွန်တော်တို့ဘက်ကလည်း ပေါ့လျော့လို့ မရဘူး” ဟု ဆိုသည်။
တောပုရွာကို PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှုအခြေအနေကို မသိရသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို သတင်းအမှောင်ချထားတတ်သည်။
ရွာအတွင်း အရပ်သားများ နေထိုင်မှု၊ ထိခိုက်မှု အခြေအနေကို မသိရသေးပေ။
ဒီဇင်ဘာ ၅ နံနက်ကလည်း မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသအခြေစိုက် PDF ၅ ဖွဲ့ ပူးပေါင်း၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကာ PDF ပူးပေါင်းအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)