
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က အမည်စာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ၁၀၀ ထက်မနည်း ထွက်ပြေးနေရသည်ဟု သိရသည်။
AA အတွက် စည်းရုံးရေးနှင့် လူသစ်စုဆောင်းခြင်း၊ တပ်/ရဲ လှုပ်ရှားမှုသတင်းများ စုဆောင်းပေးပို့ခြင်း၊ ရိက္ခာဝယ်ယူစုဆောင်းပေးပို့ခြင်း စသည့် စွပ်စွဲချက်မျိုးစုံဖြင့် နိုဝင်ဘာလကုန်မှစတင်၍ ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသော မောင်တောဒေသခံတစ်ဦးက ပြောသည်။
“ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲဌာနတို့က ဒီရပ်ကွက်မှာ ဒီလူ၊ ဒီလူ ရှိလားဆိုပြီး စာရင်းပေးပါတယ်တဲ့။ ရှိလား၊ မရှိလား မေးခိုင်းတယ်လို့ ပြောပါတယ်။ ဒီလူတွေကို ဖမ်းဆီးဖို့အတွက်၊ သူတို့ (ဖမ်းဆီးလိုသူ) မရှိဆိုရင် ဝရမ်းပြေးအနေနဲ့ ထုတ်မယ်။ အဲဒီလိုပုံစံမျိုးပြောတယ်လို့ ပြောပါတယ်” ဟု အုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောပြချက်ကို ကိုးကားပြီး ၎င်းက ဆိုသည်။
စစ်တပ်က ဖမ်းမိခဲ့သော AA တပ်ဖွဲ့ဝင်များ၊ AA နှင့် ဆက်စပ်သူများ၏ စစ်ကြောရေးထွက်ဆိုချက်များအရ လူ ၁၀၀ ခန့်ကို ဖမ်းဆီး၍ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)(၂) ဖြင့် အရေးယူရန် ဆောင်ရွက်နေသည်ဟု အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော ကြေးနန်းစာများတွင် ဖော်ပြထားသည်။
ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရသော အထက်ပါ ဒေသခံက “အခုလို အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဖို့ ကြိုးစားတာက မတရားမှုပဲ ဖြစ်မယ်။ ပြည်သူတွေ နစ်နာတယ်။ အကြောက်တရားတွေ လွှမ်းမိုးသွားတယ်။ သူတို့ (စစ်ကောင်စီ) အဖွဲ့ကို အမုန်းတရားတွေ ပိုဖြစ်သွားမယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ က စစ်ကောင်စီတပ်၏ ဖမ်းဆီးမည့်စာရင်းတွင် ပါဝင်နေသော မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်မှ ထွေ/အုပ် စာရေး ကိုစောသီဟအောင်ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အမည်မဖော်လိုသည့် ဒေသခံနောက်တစ်ဦးကလည်း ပြောသည်။
“သူ့ကို စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း မပါဘူး။ ခရိုင်ရဲနဲ့ မြို့နယ်ရဲ က ပေါင်းပြီးတော့ ဖမ်းသွားတာ။ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းတာ။ (မတရားအသင်းကို) ကူညီမှုနဲ့ အမှုဖွင့်ထားတယ်”
ပျံ့နှံ့နေသည့် ကြေးနန်းစာများတွင် ဖမ်းဆီးရမိသည့် AA တပ်ဖွဲ့နှင့် ဆက်စပ်သူများ၏ ထွက်ဆိုချက်အရ အမည်နှင့် နေရပ်အပါအဝင် စိစစ်နေဆဲအကြောင်းအရာများပါ ပါဝင်နေသည်ကို တွေ့ရသည်။
မောင်တောခရိုင်ရဲမှူးကလည်း AA နှင့် မပတ်သက်ရန်၊ ထောက်ပံ့ကူညီမှု မလုပ်ကြရန်နှင့် မလိုက်နာလျှင် အရေးယူခံရမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၁ က ခေါ်ယူသည့် လပတ်အစည်းအဝေးတစ်ခုတွင် သတိပေးခဲ့ကြောင်း အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“AA ကို အထောက်အပံ့ မလုပ်ဖို့၊ သူတို့နဲ့ အဆက်အသွယ်မလုပ်ဖို့ အဲဒါတွေကို ရဲမှူးက ပြောပြပါတယ်။ AA နဲ့ ဆက်စပ်သူရှိရင် သတင်းပေးပို့ရမယ်ဆိုပြီးတော့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

“အခုက တိုက်ပွဲငြိမ်သက်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးကအစ သူတို့ဆီမှာ သတင်းရလို့ရှိရင် ဖမ်းဆီးမယ်၊ အဲဒီလိုအခြေအနေရှိတယ်လို့ ကျွန်တော်မြင်တယ်။ စိုးရိမ်ထိတ်လန့်မှုတော့ရှိတယ်။ ရာထူးကတောင် နုတ်ထွက်ရမလား စဉ်းစားမိတယ်” ဟု ထိုသူက ဆက်ပြောသည်။
လတ်တလော နှစ်ဖက်အပစ်အခတ် ရပ်စဲထားပြီး လမ်းတချို့ကို စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့သော်လည်း AA နှင့် ဆက်စပ်သူများကို ဖမ်းဆီးနှိပ်ကွပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အလားတူ နှစ်ဖက်အပစ်မရပ်ခင်ကလည်း ယခုနှစ် မေလမှ နိုဝင်ဘာလလယ်အထိ မြို့နယ်အသီးသီးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးပြီးနောက် မိသားစုနှင့်ပင် တွေ့ဆုံခွင့်မပေးသကဲ့သို့ တချို့ကို မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည်။
အုပ်ချုပ်ရေးပိုင်းအပါအဝင် ရဲ၊ ဝန်ထမ်းနှင့် ဒေသခံအများအပြားလည်း AA သံသယဖြင့် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်ခံရသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ နိုဝင်ဘာပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ ယင်းနောက်ပိုင်း အလွတ်သဘောအပစ်အခတ်ရပ်စဲလိုက်သည်။
ထိုကာလများတွင် AA ဘက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို လုပ်ဆောင်မှုရှိခဲ့သောကြောင့် စစ်ကောင်စီတပ်က မြို့နယ်အနှံ့သို့ သွားကာ AA နှင့် မပတ်သက်ရန် ဒေသခံများကို ခြိမ်းခြောက်ဖူးသည်။
ထို့နောက် ယခုနှစ်၊ သြဂုတ်လမှစတင်ကာ တိုက်ပွဲထပ်မံဖြစ်ပွားလာကာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂၆ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ၁၁၁ ဦးအထိရှိကြောင်း၊ ရခိုင်ဒေသခံ ၂၄၀ ဦးခန့်ကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း AA ဘက်က ပြောထားသည်။
AA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မပြုပေ။
ထိုသို့ ပြင်းထန်စွာဖြစ်ပွားနေသော တိုက်ပွဲနှင့်အတူ စစ်ကောင်စီတပ်ကလည်း ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခြင်း၊ လယ်ကွင်းပြင်များကို ပစ်ခတ်မှုတို့ကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်သည့် အခြေအနေရှိလာသောအခါ ထိုကိစ္စများကို ဖြေရှင်းရန်အတွက် “လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်ခြင်း” ဟု ဆိုကာ ယခုနှစ် နိုဝင်ဘာ ၂၆ တွင် အပစ်ရပ်လိုက်သည်။
လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြား ထိုကတိကဝတ်များကို ချိုးဖောက်လာလျှင် အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ရခိုင်အရေးလေ့လာသုံးသပ်သူများက ပြောဆိုထားသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း စာရွက်စာတမ်းဖြင့် လက်မှတ်ရေးထိုးထားခြင်းမဟုတ်ဘဲ အလွတ်သဘောအပစ်ရပ်ထားခြင်းဖြစ်သဖြင့် တစ်ဖက်ဖက်က တစ်ခုခုလုပ်လာလျှင် အချိန်မရွေး ပြန်လည်တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း သတိပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)