စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အရပ်သားများကို ဖမ်းဆီးထားပြီး ရွာမီးရှို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
မြို့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ နတ်မဟုတ်ကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၈ နံနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်၊ မိနစ် ၃၀ ခန့်ကြာသည့် အဆိုပါတိုက်ပွဲအတွင်း အငိုက်မိသွားသည့် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးသလို PDF ရဲဘော် ၂ ဦးလည်း ဒဏ်ရာရခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“နတ်မဟုတ်ကြီးရွာကို မီးရှို့ပြီးတော့ ကမ်းနီရွာဘက်ကို ထွက်လာတဲ့အချိန်မှာ တောထဲမှာဖြစ်တာ၊ ကြားဖြတ်တိုက်တဲ့ သဘောပေါ့၊ နာရီဝက်လောက်ကြာပြီးတော့ သူတို့ဘက်က ပြန်ဆုတ်သွားတယ်” ဟု သူက ပြောသည်။
တိုက်ပွဲမဖြစ်မီနေ့ (နိုဝင်ဘာ ၂၇) က အဆိုပါ စစ်ကြောင်းသည် နတ်မဟုတ်ကြီးရွာကို စီးနင်းပြီး လူငယ်နှင့် သက်လတ်ပိုင်း ရွာခံ အမျိုးသား ၈ ဦး ဖမ်းဆီးခေါ်ဆောင်သွားသည်၊ ရွာခံပျူစောထီး ၃ ဦးက စစ်ကြောင်းနှင့် ပါလာစဉ် ၎င်းတို့နှင့် သင့်မြတ်ခြင်းမရှိသည့် ဒေသခံများကို ဖမ်းဆီးခိုင်းခြင်းဖြစ်သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဖမ်းထားတဲ့ ရွာသားတွေကို ရိုက်တာတောင် စစ်သားတွေက ရိုက်တာမဟုတ်ဘူး။ အဲဒီ ရွာသား ပျူစောထီး သုံးယောက်က ရိုက်တာ၊ ရွာမီးရှို့တာလည်း သူတို့လက်ချက်ပဲ” ဟု ၎င်းက ဆိုသည်။
နတ်မဟုတ်ကြီးရွာခံ ပျူစောထီးတို့မှာ အင်းတော်ရဲစခန်းအတွင်း နေထိုင်သူများဖြစ်သည်ဟု သိရသည်။
နေအိမ်တစ်လုံးနှင့် စပါးကျီးကြီးတစ်လုံး မီးလောင် သည့်အတွက် သိုလှောင်စပါး တင်းရာချီ ဆုံးရှုံးသည်၊ အဆိုပါစစ်ကြောင်းမှာ မြို့တောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် မဲဇာရွာ ဘက်သို့ ဆုတ်ခွာသွားသည်၊ ဓားစာခံ ရွာသား ၈ ဦးလည်း ၎င်းတို့နှင့်အတူပါသွားခဲ့သည်ဟု အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။
တိုက်ပွဲအခြေအနေနှင့် ရွာအတွင်း ပျက်စီးမှုအကြောင်းကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ပွဲအကြောင်း သတင်းအမှောင်ချထားသည်။
တိုက်ခိုက်မှုများမှာ အင်းတော်မြို့ထဲတွင်လည်း ဖြစ်ပွားခဲ့သည်။
ယမန်နေ့ (နိုဝင်ဘာ ၂၉) ညနေ ၅ နာရီခန့်တွင် အင်းတော်မြို့ပြပြောက်ကျားအဖွဲ့က အင်းတော်မြို့မ ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းမှ လက်နက်ကိုင်များက ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ကြသည်ဟု အင်းတော်-PDF အဖွဲ့က ပြောသည်။
ည ၇ နာရီခန့်တွင် ရဲစခန်းရှေ့ ဖြတ်သွားသည့် အသက် ၆၀ ခန့်ရှိသည့် နန်းကင်ရွာသား အမျိုးသားတစ်ဦး ကို ပစ်ခတ်ပြီး ရဲစခန်းအတွင်း ဆွဲခေါ်သွားခဲ့သည်ဟု သိရသည်။
“ညနေပိုင်း လက်ပစ်ဗုံးပစ်ခံရပြီး သူတို့ပြန်ပစ်တာ၊ အသံတွေကို ဆူညံရောပဲ၊ အဲဒါပြီးမှ ၇ နာရီလောက်မှ သေနတ်သံ နှစ်ချက်ကြားရတာ။ လူတစ်ယောက်ကို အကြောင်းမဲ့သက်သက် ပစ်လိုက်တာ” ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ တိုက်ပွဲမရှိခြင်းမှာ စစ်ကောင်စီစစ်ကြောင်းများ ဆုတ်ခွာသွားသည့်အတွက် ဖြစ်နိုင်ကြောင်း၊ မြို့ပေါ်တွင်လည်း ဒေသခံတို့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
နိုဝင်ဘာ ၁၈ တွင် မြို့အရှေ့မြောက်ဘက် နဘားရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၂၀ ခန့် သေဆုံးသည်၊ နိုဝင်ဘာ ၂၂ တွင် စစ်လေယာဥ် ၂ စီးက မြို့အနောက်ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှဦးဆောင်လျက်ရှိပြီး စစ်ကိုင်း-ကချင်နယ်စပ်တစ်လျှောက်ရှိ မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)